Live Life Dezine

Architecture & Design Magazine in Myanmar

Tools For Initial Step Of Architecture Students

ဗိသုကာကျောင်းစပြီး တက်ရောက်ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းခြင်းတွေနဲ့ အတူစိတ်ဖိစီးမှု၊ စိန်ခေါ်မှုတွေကလည်း ဒွန်တွဲပါလာနိုင်ပါတယ်။ အဲဒါကြောင့် ကောင်းကောင်းမွန်မွန်နဲ့ ကိုယ့်အစွမ်းအစတွေ ဖော်ထုတ်နိုင်ဖို့အတွက် ကိုယ်ကိုင်စွဲအသုံးပြုရမယ့် လက်နက်တွေကိုကြိုပြီးသိထားမယ်၊ ကြိုလေ့လာထားမယ်ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ ဗိသုကာကိရိယာတွေက စိတ်ကူးစိတ်သန်းတွေကိုမြင်တွေ့၊ ထိတွေ့လို့ရနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်တဲ့မရှိမဖြစ်အရာတွေဆိုလည်းမမှားပါဘူး။ နည်းပညာတွေတိုးတက်လာပေမယ့်လည်း ပုံကြမ်းရေးခြစ်ခြင်းကတော့ စိတ်ကူးတွေကို အရင်ဆုံးသုံးသပ်ကြည့်နိုင်တဲ့၊ ချပြကြည့်နိုင်တဲ့ပဏာမအဆင့်ပဲဖြစ်ပါတယ်။ ဒီဇိုင်းတွေကိုရုပ်လုံြးွကလာအောင်၊ ကိုယ်ပေးချင်တဲ့ Message ချပြနိုင်ခွင့်ရအောင်၊ ရှိပြီးသားပါရမီတွေကို ပိုကောင်းအောင်မွမ်းမံနိုင်အောင် ဆရာ/ဆရာမတွေရဲ့ အသင်အပြတွေကိုခံယူရမှာကတော့ အသေအချာပါပဲ။ သင်ကြားပြသမှုတွေအတွက်က ကိုယ်ပိုင်လေ့ကျင့်ရေးကိရိယာတွေလိုပါတယ်။ ဒါကြောင့် ပထမနှစ်ကျောင်းသား/သူတွေလိုအပ်မယ့် TOOLS လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အကုန်လုံးကို တစ်ပြိုင်နက်တည်းဝယ်စရာမလိုဘဲ တစ်ဆင့်ထက်တစ်ဆင့် လိုအပ်လာသလို ဝယ်လို့ရပါတယ်။

 

1. Drawing Board
ကျောင်းက Studio Room တွေမှာ Drawing Table တွေထားပေးထားပေမယ့် အိမ်မှာရှိနေရင်ပိုကောင်းပါတယ်။ Drawing Board ရဲ့အားသာချက်ကတော့ Parallel Motion Rule ပါတာအပြင် အောက်ခံ graph စာရွက်ကြောင့် အတိမ်းအစောင်းကင်းပါတယ်။ Vertical Line အတွက် Parallel Rule အပေါ် Set Square တင်ဆွဲရုံနဲ့ အဆင်ပြေစေတာမို့ အချိန်ကုန်သက်သာစေပါတယ်။

 

2. A Good Set of Drawing Pencil
ခဲတံကို grade အစုံလိုက်ရှိနေသင့်ပါတယ်။ အများကြီးမဝယ်ချင်သေးရင်တောင် အနည်းဆုံးတစ်ချောင်းစီလောက်တော့ ရှိထားသင့်ပါတယ်။ အမှိန်ဆုံးကနေ အရင့်ဆုံးထိပါအောင် 4H, 3H, 2H, H, F, HB, B2, B3, B4, B5, B6 ထိရှိသင့်ပါတယ်။(ဂျာမနီ Made ဆို ပိုကောင်းပါတယ်) ဒါမှ Shade တွေ Tone တွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ အကုန်လုံး မဟုတ်လည်း ဆရာ/မက ညွှန်ကြားတာလောက်ပဲ ဝယ်ထားလည်းရပါတယ်။ နောက်ပိုင်း Radpigraph Pen တွေသုံးရတဲ့အခါကျရင်လည်း Point အလိုက် ရိုးရိုးဆွဲဖို့၊ Line Weight ခြယ်ဖို့၊ Tone ချဖို့ဆိုပြီးဝယ်ရဦးမှာပါ။ အဲဒီအခါကျရင်လည်း ဂျာမနီ Made ဖြစ်တဲ့ Notring ကိုသာဝယ်စေချင်ပါတယ်။ India Made တွေ က မှင်ပျံ့လွယ်ပြီးတော့ ခဏခဏ Pin ကျိုးပါတယ်။ ထပ်ခါထပ်ခါပြန်ဝယ်နေရတာနဲ့စာရင်တော့ တစ်ခါတည်းအမျိုးအစားကောင်းတာသာဝယ်လိုက်ပြီး ရိုရိုသေသေကိုင်တာက ပိုကောင်းပါတယ်။

 

3. Scale Ruler
Triangle rule လို့လည်းခေါ်ပါတယ်။ 1/16, 1/32, 1/16, 1/18, ¼, ½, 1 အဲဒီလိုအချိုးတွေကို Steel Rule လိုတွက်စရာမလိုပဲ သုံးထောင့်လုံးမှာအပြည့်ပါပါတယ်။ ကိုယ့်လိုသင်္ချာအရမ်းမုန်းပြီး ဗိသုကာကျောင်းသူဖြစ်လာတဲ့ လူအတွက်တော့ အချိန်ကုန်သက်သာခေါင်းမစားရဘူး လို့ပြောလို့ရပါတယ်။ နောက် Tip တစ်ခုကတော့ Jury ဝင်တဲ့အခါမှာ ယူသွားရင်ထောက်ပြပြီးရှင်းပြရလွယ်သလို အတိုင်းအတာမေးရင်လည်း ချက်ခြင်းကောက်တိုင်းပြီးဖြေလို့ရပါတယ်။ သူ့စောင်းက အဖုံးနဲ့ ခေါက်ရင်တောင် တော်တော်နာမှာမို့ self defense အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ (စတာပါ)

 

4. Steel Rule
Triangle Rule ရဲ့ အားနည်းချက်ကတော့ အနားတွေပွန်းတာပါပဲ။ အနားပွန်းရင်က တိုင်းတာရတာဂွကျပါတယ်။ အဲဒီကျရင် Metal ဖြစ်တဲ့ Steel Rule တစ်ချောင်း အိတ်ထဲမှာဆောင်ထားလည်းမမှားပါဘူး။

 

5. Drawing Tube
ကိုယ်အိပ်ရေးပျက်ခံဆွဲထားတဲ့ လက်ရာလေးတွေကို ဘတ်စ်ကားကြပ်ကြပ်တိုးစီးရချိန်မှာတောင် ခလုတ်မထိလူမပိပဲ သာသာယာယာသယ်လို့ရတယ်။ စတိုင်လ်လည်းကျတယ်လေနော်။ ကျောင်းစစတက်တက်ခြင်းတော့ သယ်လို့ကောင်းပါတယ်။ နောက်ပိုင်းတော့ ဖလင်နဲ့ပတ်ပြီး ဇော်ကပေးတဲ့ပလတ်စတစ်အိတ် အကြည်ရှည်နဲ့သယ်သွားလည်းရပါတယ်။ ဒါကတော့ Optional ပါ။

 

6. A3 Paper
ကိုယ်တွေတုန်းကတော့ Calligraphy စရေးရတယ်။ ပျော်သလားတော့မမေးနဲ့။ ပထမနှစ်တုန်းက ကျက်စာလည်းနည်းတယ်။ Iso ပုံတွေဆွဲရတာ အပျော်ဆုံးပဲ။ စာမေးပွဲဖြေရတဲ့ဘာသာလည်းနည်းတော့ တခြားမေဂျာက စာမေးပွဲမပြီးသေးတဲ့သူငယ်ချင်းတွေကို လေတိုက်ရတာလည်း ပျော်စရာပဲ။ အပူအပင်ကင်းတဲ့ ပထမနှစ်ကျောင်းသားဘဝပေါ့လေ။ ကျောင်းစစတက်ချင်းထဲက A3 နဲ့ပဲ ဆွဲရတာပါနော်။ A4 လောက်ပဲ မြင်ဖူးလာတော့ A3 ကို စပြီးဆွဲရတာ တော်တော်ကြီးလွန်းတယ်ထင်ခဲ့မိတာ။ နောက်တော့လည်း ကျင့်သားရသွားတာပါပဲ။ အဲဒီတော့ A3 ကိုအထုပ်လိုက်ဝယ်ထားသင့်ပါတယ်။

 

7. Eraser
လူတိုင်းအမှားနဲ့မကင်းဘူးလေ။ ခဲဖျက်ကတော့ လိုပါတယ်။ ရိုးရိုးလှတပတ ဖန်ဆီခဲဖျက်တွေထက်စာရင် STAEDTLER တံဆိပ်ကကောင်းပါတယ်။ Must buy ပါ။ ခဲတံဆိုလည်း အဲဒီတံဆိပ်ကပိုကောင်းပါတယ်။ အပေါ်မှာ ရေးခဲ့ဖို့မေ့ခဲ့လို့ ဒီမှာပဲပေါင်းရေးလိုက်တာပါ။ တစ်ခုပြောပြချင်တာက Tracing ပေါ်က မှားတာကိုဖျက်ဖို့ကတော့ ဘလိတ်ဓားပါးပါးလေးအမြဲဆောင်ထားပါလို့။ ပါးပါးလေးခြစ်လိုက်ရုံနဲ့ ပြောင်ပါတယ်။ အရမ်းခြစ်ရင်တော့ ပြဲထွက်သွားမှာပေါ့။ Tracing Paper ကလည်း ကိုယ်တွေခေတ်တုန်းကတော့ ရွှေကျားက 250 Gram Paper ကဘဝဖြစ်ခဲ့တာ။ အခုလည်းရှိဦးမယ်ထင်ပါတယ်။ (Market Research သေချာမလုပ်ထားမိလို့ ခွင့်လွှတ်စေချင်ပါတယ်)

8. T square and Set Square
ဒါကတော့ ကျောင်းမှာ Design Studio ရှိတဲ့နေ့တွေ၊ ကျောင်းမှာပုံဆွဲရမယ့်နေ့တွေဆို မျဉ်းတွေမစောင်းချင်ရင် ယူသွားရမှာပါ။ အိမ်က Drawing Board မှာ Parallel Motion Rule ပါပေမယ့် ကျောင်းက Drawing Table မှာမပါရင်တော့ ယူသွားရမှာပါ။

 

9. Note Book & Sketch Book
Class notebook အပြင် သီးသန့်ကိုယ့်ရဲ့ Sketchbook သီးသန့်လေးထားပေးသင့်တယ်ထင်ပါတယ်။ Notebook မှာ ကိုယ့်ရဲ့သင်ခန်းစာတွေ ကိုယ်မှတ်ချင်တဲ့ အကြောင်းအရာတွေကိုမှတ်ပြီး Sketchbook ကတော့ ကိုယ်ဒီဇိုင်းမတင်ရခင် ကိုယ်လုပ်ချင်တဲ့အရာတွေကို ကောက်ကြောင်းတွေခြစ်ပြီး ပုံဖော်မယ့်နေရာမှာလိုအပ်ပါတယ်။ တွေ့ကရာမှာ လျှောက်ခြစ်နေတာထက်စာရင် ပထမနှစ်တည်းက Sketchbook သီးသန့်နဲ့ မူပိုင် Collection လုပ်ထားလို့ရတာပေါ့။
လိုအပ်မယ့်ပစ္စည်းတွေကတော့ ကိုယ့်ခေါင်းထဲပေါ်လာသမျှအရေးကြီးတာ ဒါတွေပဲလို့ယူဆမိပါတယ်။ လိုအပ်တာတွေရှိနေရင်လည်းခွင့်လွှတ်ပေးကြပါ။ မှားတာ တစ်စုံတစ်ရာပါခဲ့ရင်လည်း ဗွေမယူကြပါနဲ့။ ပထမနှစ် ကလေးတွေလည်းအသုံးဝင်မယ်လို့ထင်ပါတယ်။ ပစ္စည်းတွေဝယ်ရင်း စိတ်ကိုပါပြင်ဆင်ထားကြပါလို့။ ပထမနှစ်တည်းက စာများများဖတ်ပြီးများများ Research လုပ်ထားကြပါလို့။ Being an architect is not an easy life မို့ အားလုံးပဲအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေ။ ။

လတ်ဖြိုးဖြိုးအိ