Live Life Dezine

Architecture & Design Magazine in Myanmar

SKETCH FOR ARCHITECTURE

ကိုငြိမ်းချမ်း
ပထမဦးဆုံး အဘကိုညွန့်ဝင်းအနေနဲ့ ဆရာတို့ခေတ်က ဆရာတို့ကြုံခဲ့ရတဲ့ပညာရေး၊ ဆရာတို့ကြုံခဲ့ရတဲ့ အလုပ်အကိုင်အတွေ့အကြုံ၊ အခုလက်ရှိအနေအထားပေါ် မူတည်ပြီး Sketch for Architecture ကိုဘယ်လိုမြင်လဲ။ ဘယ်လောက်အရေးကြီးတယ်လို့မြင်တယ်ဆိုတာကို ပြောပြပေးပါဦး။

အဘညွန့်ဝင်း
ကိုငြိမ်းက ခေါင်းစဉ်တပ်ထားတာကတော့ Sketch for Architecture။ ဒါပေမယ့် ကျွန်တော်ကပြောသွားမှာက General ပေါ့။ အာခီတက်အနေနဲ့မဟုတ်ဘဲနဲ့ ငယ်ငယ်ကတည်းက အရုပ်ရေးတာဝါသနာပါခဲ့တာပေါ့။ ဆိုတော့ ကျွန်တော် Sketch နဲ့ပတ်သက်ပြီး General ပဲပြောပါ့မယ်။ အာခီတက်အနေနဲ့ကတော့ ကျောင်းပြီးခါစ အတွေ့အကြုံကိုပြောပြချင်ပါတယ်။ ကျောင်းပြီးတော့ ပထမဆုံးလုပ်တာကတော့ အိမ်လေးတစ်လုံးပေါ့။ Client က ရှေ့နေကြီးပေါ့ဗျာ။ ဆရာရွှေနဲ့တွဲပြီး ကျွန်တော်က လက်ထောက်အာခီတက်၊ ကျောင်းပြီးခါစ။ သူကအိမ်ရှင်ဆိုတော့ သူ့အိမ်ရဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီး သိချင်တာတွေမေးတာပေါ့။ ဆရာရွှေကလည်းမပြော။ ကျွန်တော်ကျတော့လည်း တစ်ချိန်မှာ ဒီ Client က ကိုယ့်ယောက္ခမဖြစ်ရင်လည်း ဖြစ်လာနိုင်တဲ့အနေအထားကိုး။ ဆိုတော့ စကားတွေဘာတွေကျွံမှာစိုးတော့ သိပ်မပြောရဲဘူး။ သူက ဦးကျော်မင်းကိုသွားပြောတယ်။ ဦးကျော်မင်းဆိုတာ က အာခီတက်ပါပဲ။ ခုတော့ ဆုံးသွားပါပြီ။ “ခင်ဗျားတို့ အာခီတက်တွေက ဘာလဲဗျာတဲ့။ ကျွန်တော်တို့က အိမ်ရှင်အနေနဲ့သိချင်လို့မေးရင် သူတို့ကမဖြေချင်သလိုလို မပြောချင်သလိုလိုနဲ့ပေါ့။” ဆိုတော့ ဦးကျော်မင်းက အဲဒီရှေ့နေကြီးကိုပြန်ပြောတယ်။ အာခီတက်ဆိုတာ သူတို့လုပ်တဲ့အလုပ်က ပုံတွေဆွဲရတာ။ တရားရုံးမှာ လျှောက်လွှဲသလို ပါးစပ်နဲ့ပြောလို့မှမရတာ။ ခင်ဗျားတို့ရှေ့နေတွေက တရားရုံးမှာပါးစပ်နဲ့လျှောက်လွှဲချက်ပေးရင် ပိုက်ဆံရတာကိုးတဲ့။ သူတို့က ပါးစပ်နဲ့လျှောက်ပြောနေရင် ပိုက်ဆံရတာမှမဟုတ်တာတဲ့။ ခင်ဗျားအိမ်ကို သူတို့ပုံဆွဲပေးရင်ပြီးတာပဲမဟုတ်ဘူးလား” ဆိုပြီးတော့ ဦးကျော်မင်းက ရှေ့နေကြီးကိုပြောတယ်။

ကျွန်တော်တို့က ငယ်ငယ်ကတည်းက အရုပ်တွေရေးတယ်ဆိုပေမယ့် ဒါတွေကိုပြောဖို့ကတော့ သိပ်ပြောနိုင်မယ်လို့မထင်တော့ဘူး။ အဲဒီတော့ Sketch ဆိုတာအကြမ်းဖျင်းပြောရရင် အရုပ်ပဲပေါ့ဗျာ။ အဲ့ဒီအရုပ်ကဘာလဲဆိုရင် ကိုယ့်ရဲ့အလုပ်တစ်ခု၊ စိတ်ကူးတစ်ခုရဲ့အစိတ်အပိုင်းလေး တစ်ခုဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ Architecture ကျတော့ Sketch က အစိတ်အပိုင်းတစ်ခု။ တချို့ဟာတွေမှာကျတော့လည်း အစောကြီးကတည်းကရှိခဲ့တယ်။ ဥပမာ ပန်းချီဆွဲတာတွေဆိုရင်လည်း Sketch ပါပဲ။ ဒါတွေက Sketch တစ်ခုတည်းနဲ့ အလုပ်ကိုအဆုံးအထိသွားတယ်။ အာခီတက်မှာမှမဟုတ်ဘူး။ တခြား Profession တွေမှာကျတော့ ဒီအရုပ်ရေးတာက အများကြီးပါပဲ။ ထိုင်းမှာဆို တချို့ဆင်တွေတောင်အရုပ်ရေးတယ်။ တချို့လည်း ချင်ပန်စီတွေ တောင်အရုပ်ရေးပါတယ်။ ကျောက်ခေတ်မှာကတည်းက လူတွေကအရုပ်ရေးကြတယ်။ ဘာတွေအတွက်ရည်ရွယ်ပြီး ရေးကြတယ်ဆိုတာတော့ အမျိုးမျိုးပြောကြတယ်။ ဒါက ယုံကြည်မှု၊ ကိုးကွယ်မှု၊ သားကောင်တွေရအောင် ရေးတာတို့ဘာတို့အမျိုးမျိုးရှိကြပါတယ်။

ကျွန်တော်ကတော့ ဒီလိုအရုပ်တွေရေးတယ်ဆိုတာ ဥာဏ်ရည်နည်းနည်းမြင့်တဲ့သူတွေပဲ ရေးခဲ့ကြတယ်ထင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ရေးတယ်ဆိုတာတော့မသိပါဘူး။ မြန်မာပြည်မှာလည်း ပြဒါးလင်းဂူတို့၊ ဘာတို့မှာရှိပါတယ်။ လူတွေ ပထမဦးဆုံးတုန်းက အရုပ်တွေရေးကြတယ်။ စာတို့ဘာတို့ဆိုတာကနောက်မှ။ တစ်ယောက်နဲ့တစ်ယောက် Communication လုပ်တဲ့ကိစ္စတွေမှာ အရင်တုန်းက အရုပ်တွေကနေမှ လုပ်ကြတယ်။ ယုံကြည်ကိုးကွယ်မှုတွေပါလာတယ်။ စာတွေမတိုင်ခင်မှာ သူက Symbol တွေနဲ့အရုပ်တွေရေးခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ခုက ယုံကြည်ကိုးကွယ်မှုရှိလာတယ်။ ပုဂံမှာဆိုရင်လည်း နံရံဆေးရေးပန်းချီတွေရှိတယ်။ ကိုးကွယ်ယုံကြည်မှုတွေပါလာတဲ့အခါမှာ သိတ္တထ္ထမင်းသားက အကြီးကြီး။ မယ်တော်မာယာကကျတော့ ဘေးမှာသေးသေးလေး။ အဲဒီလိုမျိုးတွေရေးလာကြတယ်။ နောက်တစ်ခုက သင်္ကေတတွေပေါ့။ အီဂျစ်မှာဆိုရင် ဇီးကွက်ရုပ်ကဘာကိုပြောတယ်။ ကြောင်ရုပ်က ဘာကိုပြောတယ်။ အဲဒီလိုမျိုးတွေပေါ့။ ဆိုတော့ ဘာသာစကားကနောက်မှ အရုပ်ကတော့ လူမျိုးမရွေး၊ ဘာသာမရွေးနားလည်နိုင်တဲ့အရာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ကြတာမျိုးပေါ့။

နောက်မြန်မာပြည်မှာလည်း ဒီအတိုင်းပါပဲ။ ၁၉၇၀ ကျော်တုန်းက စာမတတ်တဲ့သူတွေ မြန်မာပြည်မှာအများကြီးပဲ။ အဲဒီမတိုင်ခင်ကတည်းက မြန်မာတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ရှေးကလူတွေအတိုင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်လုပ်ကြတာ အရုပ်လေးတွေနဲ့။ စာမတတ်ဘူး။ ဒါပေမယ့် အြွေကးတွေကို အရုပ်လေးတွေ၊ Symbol တွေနဲ့မှတ်ထားတဲ့ဈေးသည်တွေရှိတယ်။ အဲဒါမျိုးက မြန်မာပြည်မှာတကယ်ကိုရှိခဲ့တာ။ ဆိုတော့ အရုပ်တွေနဲ့ Communication လုပ်တာတွေက အများကြီးပဲ။ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော်က နေ့တိုင်း Architecture မှမဟုတ်ဘူး။ နေ့တိုင်းစိတ်ကူး ပေါက်ရာတွေကျွန်တော်ရေးတယ်။ ငယ်ငယ်လေးကတည်းကရေးတယ်။ ဒါကိုသိတဲ့သူတွေလည်းသိကြပါတယ်။

တချို့ကလည်း အရုပ်ရေးတာကိုစနစ်တကျရေးတတ်ဖို့ လိုတယ်လို့ထင်ကြတယ်။ ဒါကတော့ ခုနကပြောသလို Communication လုပ်တယ်ဆိုတာက ကိုယ့်ရဲ့ Concept ကို ကိုယ်ကိုယ်တိုင် ဒီ Concept ကိုသိဖို့လိုတယ်။ Architecture မှာဆိုရင် Drawing ပြပြီး တခြားသူတွေနဲ့ Communication လုပ်ရတာမျိုးတွေပေါ့။ ကျွန်တော်ကတော့ အဓိကတော့ Communication လုပ်တဲ့ကိစ္စအောင်မြင်သွားဖို့က အရေးကြီးတယ်လို့ထင်ပါတယ်။ Movie Story တွေမှာလည်း အာခီတက်တွေလိုပဲ Process တွေရှိတယ်။ ခပ်ကြမ်းကြမ်းပဲ။ သူ့ရဲ့စိတ်ကူးကိုပြရုံပဲ။ သိပ်ပြီးတော့အကောင်းကြီးမဟုတ်ဘူး။ ဒါက Final work မဟုတ်ဘူးလေ။ ဒါက Process ပဲ။ ကိုယ်နားလည်ပြီး Final work done ကောင်းဖို့ပဲလိုတာပေါ့။ နောက်ကျွန်တော်ပြောချင်တာက အာခီတက်တွေက Sketch တွေရေးကြတယ်။ ဖရန့်ဂယ်ရီပေါ့။ သူကသူလုပ်တဲ့အလုပ်တိုင်းမှာ Sketch တွေအများကြီးရေးတာ။ ဒီက အာခီတက်တွေလည်း ဘယ်လောက်လုပ်ဖြစ်လဲတော့ မသိဘူး။ ဂယ်ရီကတော့ သူ့ရဲ့စိတ်ကူးကို Sketch တွေအများကြီးရေးတယ်။ ရေးပြီးသွားရင် Model ချိုးတယ်ပေါ့။ နောက်တစ်ခုထူးဆန်းတာက များသောအားဖြင့် သူကစိတ်ကူးတစ်ခုရရင် လက်ကမြွကဘူး။ တောက်လျှောက် Sketch တွေရေးတာ။ ဆိုတော့ ဂယ်ရီကတော့ သူ့ရဲ့ Form တွေ၊ Shape တွေကတော့ အရမ်းကောင်းတယ်။ ပထမပိုင်းအနေနဲ့ ကျွန်တော်ကတော့ဒီလောက်ပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် Daily Life မှာ တစ်ရုပ်မဟုတ် တစ်ရုပ်ရေးပါတယ်။

ကိုငြိမ်းချမ်း
ဆရာပြောသွားတဲ့စကားထဲမှာ စိတ်ဝင်စားစရာတွေ့ရပါတယ်။ Architect Sketch မှာ ကျွန်တော်တို့ကထင်တာပေါ့ ကိုယ့်ရဲ့ဒီဇိုင်းကို Express လုပ်တာပေါ့။ ဆရာပြောသွားတဲ့စကားလုံးထဲမှာက ကိုယ့်ကိုယ်ကိုယ် Communicate လုပ်တာ။ Sketch က ကိုယ့်ကိုယ်ကိုယ် ဘယ်လို Communicate လုပ်တာလဲ။

အဘညွန့်ဝင်း
ကျွန်တော်တို့က ကိုယ့်စိတ်ကူးနဲ့ Sketch တွေရေးတယ်။ ဒါက ကျွန်တော်တို့က Client နဲ့တွေ့နေတာ ဟုတ်ချင်မှလည်းဟုတ်မယ်။ မတွေ့ခင်မှာ ကျွန်တော့်စိတ်ကူးတွေပေါ့။ Line တစ်ကြောင်း၊ Dots လေးတစ်စက်ကအစ ဒီ Stage တစ်ခုမှာ Concept တစ်ခုရှိတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ခုနကလိုပေါ့။ တရားရုံးမှာ လျှောက်လွှဲချက်ပေးသလို ကျွန်တော်တို့က ပါးစပ်နဲ့ပြောလို့မရဘူးလေ။ လျှောက်လွှာစာရွက် ၂ ရွက်၊ ၃ ရွက်လောက်နဲ့စာရေးလို့လည်းမရဘူး။ မရတော့ ကျွန်တော်တို့မှာ ပုံနဲ့ရေးရတယ်။ အစကတည်းက ကျွန်တော်ကဒီလိုစစဉ်းစားတယ်။ စဉ်းစားပြီးတော့ ဒီလို Work done လေးထွက်လာတယ်။ ဒါက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ်စဉ်းစားတာ အဲဒီသဘောပါပဲ။

ကိုငြိမ်းချမ်း
အဲဒီတော့ ကျွန်တော်မေးချင်တာက Sketch ဆိုတဲ့ကိစ္စကို ဆရာတို့ကိုကျောင်းက Course တစ်ခုအနေနဲ့သင်ပေးခဲ့လား။

အဘညွန့်ဝင်း
ကျွန်တော်တို့က RIT ခေတ်ဆိုတော့ ကွန်ပျူတာတွေဘာတွေက အရမ်းကိုဝေးတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မှစပြီးသုံးဖြစ်တာ။ ကျွန်တော်တို့တုန်းက ကျောင်းမှာအဓိ အရေးကြီးဆုံးက Basic Drawing ပေါ့။ နောက်တစ်ခုက BG ပေါ့။ Tool အနေနဲ့က ခဲတံရှိမယ်၊။ ဒီ Subject နှစ်ခု RIT မှမဟုတ်ဘူးဗျ။ ကျွန်တော့်သမီးဆိုရင်လည်း ကျွန်တော်နဲ့ Generation အရမ်းကွာပါတယ်။ သမီးက စင်ကာပူမှာကျောင်းတက်တယ်။ Basic Drawing ကတော့ သူလည်းသင်ရတယ်။ ကျွန်တော်တို့နဲ့မကွာဘူး။ သူတို့ဆီမှာသင်တာလည်း Dots တွေ၊ Line တွေ ပြီးတော့ ကျွမ်းကျင်မှုဖြစ်အောင်လို့ 4H ခဲတံကို Tone 9 ခုလောက်ထွက်တယ်။ ခဲခြစ်တဲ့အခါမှာ လက်ရဲ့အဖိအဖော့။ ကျွန်တော်တို့တုန်းကလည်း Second Year မှာ Basic Drawing သင်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီခေတ်လိုတော့မဟုတ်ဘူး။ ဟိုတုန်းကတောက်လျှောက် ကျောင်းမပြီးမချင်း ၁ နှစ်လုံးပုံပဲဆွဲနေရတာ။ ကျွန်တော်တို့တုန်းက ပုံဆွဲတာအဆင်မပြေတဲ့သူတွေက စိတ်ညစ်ပြီးတော့ အခြား Major ကိုပြောင်းသွားတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့တွေတုန်းက ပြောင်းလို့ရတယ်။ ကျောင်းမှာ အဲဒါတွေသင်ရတယ်။ နောက်ပြီး Elementary တွေဘာတွေက Design အပိုင်းပေါ့။ နောက်လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကမှ ကွန်ပျူတာစသုံးတာကိုး။ ကျွန်တော်တို့အလုပ်မှာ ပင်ပင်ပန်းပန်းလုပ်ရတယ်။ ဒီခေတ်ကတော့ လွယ်တာပေါ့။ ကျွန်တော်တို့ကတော့မှားသွားရင် အကြီးအကျယ်ပဲ။ Drawing တွေ၊ Sketch တွေအတွက်ပဲ အကြီးအကျယ်စိတ်ညစ်ခဲ့ရတာတွေ အများကြီးရှိတယ်။ အတွေ့အကြုံတစ်ခုကိုပြောရရင် မနက် ၇ နာရီမှာ Client ကိုပေးရမယ်။ အဲဒီတုန်းက Proposal Concept ကိုပဲအရင်ပြတာကိုး။ ပြပြီးတော့မှ 3D ဆွဲတယ်။ Rendering ဆိုတော့ Water Colour တွေ ဘာတွေသုံးတာပေါ့။ အဲဒီအလုပ်ရတာကလည်း အဲဒီ Client က အဲဒီညနေကမှ ခင်ဗျား အဲဒီပုံကိုမနက်ပြနိုင်မလားတဲ့။ ညနေမှလာအပ်တယ်။ မနက်လိုချင်တယ်ဆိုတော့ တစ်ညလုံးရေးတာပေါ့။ ၃ နာရီလောက်မှာ ကိုယ်က ခဏလေးမှေးပြီးနားတဲ့အချိန်မှာ သမီးကနိုးလာပြီး ဘေးမှာရှိတဲ့ပုံနဲ့ ဘာမှမဆိုင်တဲ့ရေဆေးအနီရောင်ကြီးနဲ့ ကန့်လန့်ကြီးကောက်ခြစ်ပစ်လိုက်တယ်။ ပုံကလည်း မနက် ၇ နာရီပေးရမှာဆိုတော့ ဒုက္ခရောက်ရော။ ကျွန်တော်တို့အလုပ်လုပ်ခဲ့ရတဲ့ခေတ်က ပေတံနဲ့ခဲတံနဲ့အလုပ်လုပ်ခဲ့ရတော့ ဘယ်လိုမှလည်း နောက်တစ်ခါပြန်လုပ်လို့ မရဘူး။

အဲဒီလိုမျိုးပြဿနာလေးတွေရှိတယ်။ နောက်အလုပ်လုပ်တဲ့အချိန်မှာလည်း ဘာပြဿနာတွေ့ရသေးလဲဆိုတော့ ချောင်းသာဟိုတယ်လုပ်တဲ့အချိန်မှာပေါ့။ အဲဒီတုန်းက အာခီတက်တော်တော်များများက ခရီးသွားရင် A3
Rolling Drawing Board လေးတွေရှိတယ်။ ဒါတောင်မှ လူတိုင်းမရှိဘူး။ အခုခေတ်လို Laptop တွေ ဘာတွေသယ်ဖို့မရှိဘူး။ နောက်ပြီးချောင်းသာမှာ အလုပ်လုပ်ရတော့လည်း လုပ်ရတဲ့သူတွေက အင်ဂျင်နီယာတွေလည်းမဟုတ်ဘူး။ ဧရာဝတီတိုင်းက ပန်းရံဆရာတွေ၊ လက်သမားတွေ။ တချို့ဆိုရင် ကျောင်းတောင်မနေဖူးတဲ့ သူတွေပါတယ်။ ပါတော့ ကျွန်တော်က Plan တွေ Elevation တွေသွားပြလို့မရတော့ဘူး။ မရတော့ မျဉ်းမပါတဲ့ဗလာစာအုပ်ဆောင်ထားပြီးတော့ဆွဲပြရတယ်။ ပုံတွေဆိုတာလည်း လုံးဝမမြင်ဖူးဘူး။ စာလည်းလုံးဝမတတ်ဘူး။ ဒီလိုလူတွေနဲ့ Constrution လုပ်ခဲ့ရတယ်။ လုပ်တော့ အဲဒီမှာသုံးရတာ Sketch ပဲ။ အကုန်လုံး 3D ပဲ။ 3D တောင်မှ တစ်ဆင့်ချင်းသွားရတာ။ ခင်ဗျားဒီဟာမြင်သေးလား။ ဒီနားမှာ ဒီတံခါးလေးမြင်လား။ တစ်ခါတလေကျတော့ ကျွန်တော်က မျက်လှည့်ဆရာကြီးဖြစ်သွားရော။ မမြင်တော့ဘူးဆရာတို့ဘာတို့ဖြစ်သွားရော။ အဲဒီတုန်းက လုပ်ခဲ့ရတဲ့စာအုပ်တွေကိုသိမ်းခဲ့တာ။ ဒါပေမယ့် အခုတော့မပြနိုင်တော့ဘူး။ ဘာလို့ဆိုတော့ အိမ်ပြောင်းရင်း ဘယ်နားရောက်သွားမှန်းမသိလို့။ အဲဒီတုန်းက စာအုပ် ၇ အုပ် ၈ အုပ်လောက်ထိရှိတယ်။ ဒီ Project တစ်ခုလုံးက ဒီစာအုပ်ထဲမှာပဲရှိတယ်။ နောက် ဒီ Project ပြီးခါနီးမှ ကွန်ပျူတာတွေဘာတွေနဲ့လုပ်တော့ Drawing ကို Client ကိုပေးတဲ့အခါကျတော့မှ ကွန်ပျူတာနဲ့ပြန်ဆွဲပြန်တင်။ အဲဒီလိုလုပ်ခဲ့ရတယ်။

ကိုငြိမ်းချမ်း
အဲဒီတော့ ဆရာတို့ခေတ်တုန်းက Basic Drawing တွေ၊ Sketch တွေကိုသေချာသင်ခဲ့ရတာပေါ့နော်။ Autocad ကျတော့ရော ဘယ်နှစ်နှစ်လောက်မှာ ဆရာတတ်သွားတာလဲ။ ကိုယ့်ဘာသာကိုယ်လေ့လာတာလား။ သင်တန်းသွားတာလား။

 

အဘညွန့်ဝင်း
ပြောရရင်တော့ Autocad ကဒီလိုဗျ။ ကျွန်တော်က နည်းနည်းလည်း ကပ်စေးနည်းတယ်။ အဲဒီတော့ ကျွန်တော်ကမသင်ဘူး။ မိန်းမကတော့ အာခီတက်ပဲ။ သူကသင်တယ်ဆိုတော့ အဲဒီတုန်းက ဆရာခေါ်သင်ရတာပေါ့။ ခေါ်သင်တော့ ကျွန်တော်က နှစ်ယောက်စာပေးရမှာစိုးလို့ မသင်ဘဲနဲ့ခိုးကြည့်ပြီး ကိုယ့်ဘာသာကိုယ်သင်ခဲ့တာ။ ဆရာဆီက ခိုးသင်တာပေါ့။ အခုအချိန်ထိလည်း တကယ်ပြောရရင် Autocad မသုံးတာကများတယ်။ ရုံးက လူတွေလည်းသိပါတယ်။ ကျွန်တော်ကတော့ အခုအချိန်ထိ Sketch ပဲ။ ဘာပဲဖြစ်ဖြစ် Sketch ရတော့ တစ်ခုခုကို အရေးပေါ်ဖြေရှင်းရတော့မယ်ဆို အဆင်ပြေတာပေါ့။ အာခီတက်ဆိုရင် Sketch မရရင်တော့ နည်းနည်းပြဿနာရှိမယ်လို့ထင်ပါတယ်။

ကိုငြိမ်းချမ်း
3D Software တွေဘာတွေရောသုံးလား။

အဘညွန့်ဝင်း
သုံးတယ်။ Sketchup က အမှန်အတိုင်းပြောရရင် ကျွန်တော်သုံးတာ တော်တော်စောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် Sketchup Software ကိုတော်တော်ကလိနိုင်နေပါပြီ။

ကိုငြိမ်းချမ်း
အဲဒီတော့ ဆရာက Computer နဲ့ဆွဲတဲ့ Communicated Design, Autocad, Sketchup တွေကို ကျောင်းမှာမသင်ခဲ့ရဘူး။ နောက်ပိုင်းမှာမှ Self-Study လုပ်သွားတယ်။ ကိုယ့်ဆီမှာပါလာတာတော့ Hand Sketch ပေါ့။ ကိုယ့်ဘဝကိုပြောင်းလဲစေခဲ့တဲ့ ဒီ Skill ကိုဘယ်လိုသုံးလို့ရခဲ့လဲ။ Autocad မသုံးဘဲနဲ့ Hand Sketch ကိုဒီဇိုင်းကောင်းကောင်းဆွဲခဲ့ရတဲ့ဆရာ့ဘဝမှာ ကြုံခဲ့ရတဲ့အတွေ့အကြုံ၊ Project မှာ ဒါလေးက ဘယ်လိုကူခဲ့လဲ။ အဲဒီလိုအတွေ့အကြုံတွေရှိလား။

အဘညွန့်ဝင်း
သိပ်တော့မရှိဘူးဗျ။ ကျွန်တော်အလုပ်လုပ်တာ ၂၅ နှစ် ကျော်သွားပြီ။ အခုနောက်ပိုင်းမှ ရုံးနဲ့အလုပ်လုပ်တာလေ။ စောစောတုန်းပိုင်းတုန်းက ကျွန်တော်က Working Drawing တွေပါဆွဲရတယ်။ ကိုယ်တစ်ယောက်တည်းပဲ လက်နဲ့ဆွဲရတယ်။ အဲဒီတုန်းက ပိုတောင်ဆိုးသေးတယ်။ စည်ပင်က ဘိလပ်မြေတွေ၊ သံချောင်းတွေမပေးတာက မပေးတာပဲလေ။ BQ တို့ဘာတို့ကတော့ တော်တော်စိတ်ညစ်ရတယ်။ Drawing ကတော့ ကျွန်တော်တို့ လက်နဲ့အကုန်ဆွဲရတယ်။ အမှန်ပြောရရင် Design လုပ်တာကမှ ပိုက်ဆံရသေးတယ်။

ကိုငြိမ်းချမ်း
Rendering က ကွန်ပျူတာနဲ့လား။ လက်နဲ့လား။

အဘညွန့်ဝင်း
Rendering ကလည်းလက်နဲ့ပဲ။ အဲဒီခေတ်က ကွန်ပျူတာမသုံးသေးဘူး။ သူတို့ကတော့သုံးတယ်။ Software တွေက သိပ်မကွာဘူးလေ။ မှတ်မှတ်ရရက ပန်းလှိုင်ဆေးရုံဆောက်တုန်းက ကျွန်တော်လက်နဲ့ပဲပုံဆွဲခဲ့တာ။ အဲဒီအချိန်က မြန်မာပြည်မှာ Designလုပ်တဲ့ Fees က အဲဒီ Rendering လုပ်တဲ့ Fees လောက်တောင်မရဘူး။ ပြောရရင် အဲဒီခေတ်က ပိုက်ဆံနဲ့ဆိုရင် တစ်လကို ကားတစ်စီးလောက်ဝယ်လို့ရတယ်။ တကယ်ကိုပေးတယ်။ မြန်မာပြည်ထဲကတော့မရှိဘူးထင်တယ်။ သူတို့ဆီမှာလခနဲ့ခေါ်တာ။ ပုံဆွဲရုံနဲ့ကို စင်ကာပူဒေါ်လာ တစ်ထောင်လောက်ရတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကထင်တယ်။ စင်ကာပူမှာလည်း ဒီလိုပဲ။ Rendering ကို လက်နဲ့ပဲလုပ်တာပဲ။

အဘညွန့်ဝင်း
ကျွန်တော်အခုမှသတိရလို့ထပ်ပြောချင်တာက အဲဒီခေတ်က နဝတခေတ်ပေါ့။ တော်တော်များများ ကိုယ့်စီနီယာအာခီတက်တွေလည်းရှိတယ်။ အဓိက Boost လုပ်မှာက နဝတအစိုးရပေါ့။ သူတို့က Drawing တွေမှ မမြင်ဖူးတာ။ Model လည်းလုပ်ပြတယ်။ ဒါပေမဲ့ Model အချိန်ပေးရတယ်။ သူတို့က ဒီနေ့ Project ပေး မနက်ဖြန်လိုချင်တာမျိုး။ အဲဒီလိုဆိုတော့ တချို့စီနီယာအာခီတက်တွေလည်း အလုပ်လာအပ်တာတွေရှိတယ်။ ဒါ့အပြင်မှတ်မှတ်ရရကျွန်တော်ပြောချင်တာက စိန့်ဂျွန်းဈေးတော့မှတ်မိကြမှာပါ။ နောက်အဲဒီ Client က ထောင်ကျသွားတယ်ထင်တယ်။ အဲဒီအဖွဲ့က ဒီဘက်ခေတ်လိုပဲ မြေကွက်လိုက်ရှာတယ်။ ပြီးရင် Design Proposal တင်တယ်။ Proposal ဆိုတာက ဘာမှမပါဘူး။ အထပ်မြင့် တွေအများကြီးပဲဆွဲခဲ့ရတယ်။ အဆုံးထိဆောက်ဖြစ်လိုက်တာဆိုလို့ MWEA ဆိုတဲ့အမျိုးသမီးစွမ်းဆောင်ရှင်အသင်း။ အဲဒါက ၁၂ ထပ်ပေါ့။ အဲဒီခေတ်ကတော်တော်မြင့်တာ။ သိမ်ကြီးဈေးတောင်မှ ၃ ထပ်နဲ့ရပ်နေတာ။ အဲဒါတွေအကုန်လုံးသည် ဘာလဲဆိုလို့ရှိရင် ဗိုလ်ချုပ်တစ်ယောက်လက်မှတ်ပါတယ်။ နောက်ပြီး 3D Drawing လက်နဲ့ဆွဲထားရတာ။ အဲဒါပါတယ်။ ၁၂ ထပ်တွေ၊ ၁၄ ထပ်တွေစိတ်ထဲရှိသလိုဆွဲတာ။ နောက်ပိုင်းဆောက်ချင်တဲ့ အချိန်ဆောက်ပေါ့။ အဓိကက မြေကွက်ပဲ။ ဆောက်ဖြစ်တာက MWEA တစ်ခုပဲတွေ့တယ်။ ဒါက 3D Drawing ပဲပေါ့။ နောက်တစ်ခါ Housing Complex တွေ၊ အိုးအိမ် Project တွေတက်လာတော့မှ Model တွေဘာတွေ လုပ်တာရှိတယ်။ ဒါတောင်မှ တစ်ခါတလေ Housing Project တွေကို လက်နဲ့ဆွဲခဲ့ရတယ်။ ကျွန်တော်တို့ Master Plan ကြီးကိုလက်နဲ့ဆွဲခဲ့ရတယ်။ နောက်ပြီး သူတို့ကို Master Plan ဆိုပြီးသွားပြရင် မျက်လုံးထဲမမြင်ဘူး။ အဲဒီတော့ 3D Drawing ပဲ။ အဲဒီလိုခေတ်ပေါ့။

ကိုငြိမ်းချမ်း
နောက်ပိုင်း အာခီတက်အငယ်တွေက 3D Software အရမ်းတတ်ချင်ကြတယ်။ 3D ကကောင်းလားဆိုတော့ ကိုယ့်ကိုကူညီတဲ့ Tool တစ်ခုအနေနဲ့တော့ကောင်းတယ်။ ဒါပေမယ့် Architecture ဆိုတဲ့အနှစ်သာရနဲ့ 3D Software နဲ့ Skerch အပေါ် ဆရာဘယ်လိုမြင်လဲ။ အခုခေတ်က 3D မရရင် အလုပ်မရဘူးလို့ပြောနေကြတယ်။

အဘညွန့်ဝင်း
အဲဒါကတော့ ခုနကကျွန်တော်ပြောတဲ့ခေတ်၊ အခု ကိုငြိမ်းပြောတဲ့ခေတ်နှစ်ခေတ်ရဲ့ အားနည်းချက်တွေကို ကျွန်တော်ပြောတာ။ ခုနက ကျွန်တော်ပြောတာတွေဆိုရင်လည်း Design Concept ပျောက်နေတယ်။ လက်ရှိဖြစ်နေတာက ကွန်ဒိုတွေမှာ အိမ်သာကအပြင်ဘက်ရောက်နေတယ်။ နောက်ပြီးအိပ်ခန်းတွေမှာ ပြတင်းပေါက်မပါဘူး။ သူတို့က 3D ပုံပါရင်ရပြီ။ Plan တွေဘာတွေမဖတ်တတ်ဘူး။ နောက်ပြီး အလုပ်လုပ်တဲ့အချိန်မှာလည်း ဒီအတိုင်းပဲ။ အားနည်းချက်ကြောင့် အကုန်နစ်နာတာမျိုးမဖြစ်စေချင်ဘူး။ အခုလည်း အဲဒီလိုမျိုးဖြစ်မှာကို စိုးရိမ်တယ်။ ဘယ်ဒီဇိုင်းပဲဖြစ်ဖြစ်က Process တစ်ခုရှိတယ်။ ပြီးတော့ အလုပ်သေးသေးလေးပဲဖြစ်ပါစေ Design Develop ရှိတယ်။ ခုနကပြောသလိုမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။

ကိုငြိမ်းချမ်း
ကျွန်တော်ကြားနေရတာက Sketch ကလိုတယ်ဆိုတဲ့အတွက် ပန်းချီသင်တန်းတွေသွားတက်ကြတယ်။ အဲဒီတော့ ပန်းချီသင်တန်းကိုသွားတက်ရင် Sketch for Architecture နဲ့ကိုက်ညီလား။ ပန်းချီသင်တန်းကပေးနိုင်တဲ့ Sketch for Architecture နဲ့ဘာကွာလဲ။

အဘညွန့်ဝင်း
ခုနကကျွန်တော်ပြောသလိုပေါ့။ Sketch ဆိုတာကတော့ အမျိုးမျိုးစဉ်းစားရမယ်။ အဓိကက ကိုယ်ဖြစ်ချင်တဲ့ Process ကိုဆွဲချင်တာဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် သူက ဒီ Tool ကိုပိုင်ပိုင်နိုင်နိုင်သုံးနိုင်တယ်။ ဒါကတစ်မျိုးပေါ့။ နောက်တစ်ခုပြောချင်တာက သင်တန်းဆိုတာ ဥပမာတစ်ခုနဲ့ယှဉ်ပြရင် ကျွန်တော်တို့ငယ်ငယ်တုန်းက ဆရာပေါ်ဦးသက်ပါ။ အာခီတက်တော့မဟုတ်ပါဘူး။ ဒေါ်မာမာအေးက သီချင်းတစ်ပုဒ်ကို အရုပ်ပြီးအောင် ရေးဆွဲခြင်းဆိုပြီးတော့ သီချင်းဆိုတယ်။ ဆရာပေါ်ဦးသက်က အရုပ်ရေးတယ်။ တကယ်ပြီးသွားတယ်။ တကယ်လည်းကောင်းတယ်။ နောက်တစ်ခါ တီဗွီတွေပေါ်လာတဲ့ခေတ်မှာ ပန်းချီငွေအုံးပေါ့။ ဆရာကြီးကိုစော်ကားတာမဟုတ်ပါဘူး။ ပန်းချီကိုငွေအုံးက စိုးမြတ်နန္ဒာပုံဆွဲတယ်။ ဆိုတော့ ကျွန်တော်ကြည့်တာ ဒီသီချင်းက တီဗွီမှာရိုက်တာဆိုတော့ မပြီးလည်းတစ်ကဒ်ချင်းဖြတ်ပြလို့ ရတဲ့ခေတ်ဆိုတော့ ကိုငွေအုံးဆွဲတဲ့ပုံက မပြီးဆိုတာသိသာနေတယ်။ ဒါကဘာကွာလဲလို့ပြောရင် နည်းစနစ်ပေါ့ဗျာ။ ဆရာပေါ်ဦးသက်ကကျတော့ ပန်းချီကိုဘယ်နားက စဆွဲမလဲဆိုတာ Shape, Form တွေနဲ့ တကယ့်ကို Process နဲ့ကိုသွားတာပေါ့နော်။ ကိုငွေအုံးကကျတော့ မျက်လုံးလေးကနေစဆွဲ၊ နှာခေါင်းလေးဆွဲပေါ့။ ပန်းချီဆရာဆိုရင်တော့ နားလည်ပါတယ်။ ပြောရရင် နည်းစနစ်မမှန်ဘူးပေါ့။ သဘောကတော့ နည်းစနစ်ပေါ့ဗျာ။ ကိုသစ်တို့ဆိုလည်းဒီလိုပဲ။ 3D လေးတစ်ခုကိုပဲ Line တွေ Form တွေ Shape တွေအရင်ဆွဲတယ်။ ပြီးမှပဲ Detail တွေကို တစ်ဆင့်ချင်းစီထည့်သွားကြတာပဲ။ ဒါကတော့ နည်းစနစ်ပေါ့။ ဒီလိုနည်းစနစ်တကျတတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ပန်းချီဆရာဆိုတော့ အခြေခံအရတော့တူမှာပဲ။ အဲဒီသဘောတရားရရင်တော့ ကောင်းတာပေါ့။ ။

အယ်ဒီတာအဖွဲ့