Live Life Dezine

Architecture & Design Magazine in Myanmar

အိမ်

“မိသားစု” -Family- တစ်ခုမှာ အဖေ၊ အမေနဲ့ မှီခိုသူ (အဒေါ်၊ ဦးလေး စသည်) နဲ့ သား၊ သမီးက နှစ်ယောက်လို့တွက်ရင်တောင် ငါးဦး၊ လူငါးသန်းရှိရင် မိသားစုတစ်သန်းရှိမှာပေါ့။
မိသားစုတစ်စုနေဖို့ အိမ်တစ်လုံးဆောက်ရတယ်ဆိုရင် လူဦးရေငါးသန်းရှိရင် အိမ်အလုံးပေါင်းက တစ်သန်း။ ယေဘုယျအားဖြင့် လူဦးရေသန်း (၅၀) လောက် လို့ဆိုကြတဲ့မြန်မာနိုင်ငံမှာ အိမ်အလုံးပေါင်းက ဆယ်သန်းပါလား။ နည်းတဲ့အရေအတွက်မှတ်လို့။
ဒီလောက်များတဲ့နေအိမ်တွေထဲမှာ -Scale – “အရွယ်အစား” တကယ်များပြီး “ပုံပန်း” -Form- က မကုန်ခမ်းနိုင်အောင်ရှိမလားပဲ။ “စနစ်” -Method- တွေကိုလည်း မဖြစ်ဖြစ်အောင်စဉ်းစားကြသေး။

 

 

ဒီလိုနေဖို့ “အိမ်” ကို ဘယ်တုန်းကတည်းကစပြီး စဉ်းစားသလဲ၊ ဆောက်ခဲ့သလဲဆိုတဲ့မေးခွန်းက အမေးလွယ်သလောက်ဖြေရအခက်သား။
ရှေးဦးလူသားဟာ ကွင်းပြင်မှာနေတော့မယ်ဆိုပြီး သစ်ပင်ပေါ်မှာဖြစ်သလို နေရာက သို့မဟုတ် သဘာဝဂူတွေထဲမှာ နေရာကထွက်လာကတည်းက ကြုံရတဲ့ပြဿနာပဲလို့ဆိုရင်မလွန်တန်ရာ။ ရှေးဦးလူသားဟာ လှုပ်ရှားရင်း၊ ရုန်းကန်ရင်းနဲ့ တွေ့ရတဲ့အတွေ့အကြုံနဲ့ မြင်ရ၊ ကိုင်တွယ်ရတဲ့ပစ္စည်းအရေအတွက်များလာလေ၊ စဉ်းစားလာရလေ၊စဉ်းစားလာလေလေဖြစ်နိုင်စရာ လမ်းတွေက အသွယ်သွယ်ဆိုတာကို သိလာလေလေကိုး။
တခြားသက်ရှိတွေနဲ့စာရင် “လူသား” Homo-sapiens ဟာစဉ်းစားတဲ့နေရာမှာသာလွန်တယ်လို့ ဆိုနိုင်ကောင်းတယ်။ ဒါကြောင့်လဲ တွေ့သမျှပစ္စည်း လူသိနည်းသေးတဲ့နည်းတွေနဲ့နေဖို့ကိစ္စကို အမျိုးမျိုးစမ်းကြည့်၊ ဆောက်ကြည့်မှာသေချာတယ်။ဒီလိုစမ်းကြည့်၊ ဆောက်ကြည့်နေဆဲမှာကိုပဲ တခြားတွေးစရာကိစ္စတွေက ခေါင်းထဲကို တစ်ခုပြီးတစ်ခုရောက်လာပြန်ရော။
သူကြောက်ရွံ့လို့အရှုံးပေးပါပြီလို့ ပြချင်နေတဲ့ဧရာ မကျောက်ဆောင်ကြီးကိုလည်း အရိုအသေပေးမယ်။ သူ့ကိုအနွေးဓာတ်နဲ့ အလင်းရောက်ပေးလို့သဘောကျတဲ့ “နေ” -Sun- ကိုလည်းလေးစားကြောင်းပြောမယ်။ သူ့ကို အမှောင်ထဲမှာ ကြောက်စိတ်လျော့အောင်လုပ်ပေးတဲ့ “လ” -Moon- ကိုလည်း ချစ်ခင်ကြောင်းပြချင်မယ်။

ပတ်ဝန်းကျင်မှာ ဝေဝေဆာဆာပွင့်နေတဲ့ ရောင်စုံပန်းလှလှလေးတွေခူးလာပြီး သူအထင်ကြီးတဲ့ (သို့) ကြာက်ရွံ့တဲ့ရုပ်ဝတ­­္ထု၊ တောတောင်သစ်ကြီးဝါးကြီးနဲ့ အပူငွေ့ပေးလိုက်၊ လင်းလိုက်မှောင်လိုက်လုပ်နေတဲ့ တန်ခိုးရှင်တွေကိုအရိုအသေပေးမယ်။ လွယ်လွယ်နဲ့ရွှေ့လို့ ကောက်လို့ရတဲ့ကျောက်တုံးကျောက်ခဲတွေကိုဆင့်ပြီးတစ်မျိုး၊ စီပြီးတစ်မျိုးနဲ့လည်း လေးစားကြောင်းပြောမယ်။ “ကိုးကွယ်မှု” -Worship- က ထင်တာထက်ကိုစောပြီးပေါ်ခဲ့မှာမလွဲဘူး။
ဒီရိုသေကိုးကွယ်မှုက လူ့အသိဥာဏ်ကျယ်လာသည် နဲ့အမျှနက်နဲလာပြီး စဉ်းစားဥာဏ်ရဲ့အတိမ်အနက်ကိုပြရာရောက်မယ့် “ဘာသာရေး” -Religion- တွေဖြစ်လာတဲ့ အဆင့်များမှာ ကိုးကွယ်ခြင်းကို လေးနက်တဲ့အဓိပ္ပာယ်နဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့သံဓိဋ္ဌာန်က ဘာသာရေး၊ အဆောက်အဦတွေကိုအလေးအနက်ထားပြီး ဆောက်လုပ်စေခြင်းဆိုတဲ့တွန်းအားကိုဖြစ်ပေါ်စေမှာပဲ။

လူ့သမိုင်းအဆင့်ဆင့်မှာ ကိုးကွယ်မှုပုံသဏ္ဍာန်တွေ ပြောင်းခဲ့သလို ဒီလိုကိုးကွယ်မှုကို ပုံပန်းနဲ့သရုပ်ဖော်တဲ့ အဆောက်အဦတွေလည်း အများအပြားတွေ့ကြရပြီး ဗိသုကာသမိုင်းဆိုတဲ့ဘာသာရပ်မှာဆိုရင် အီဂျစ်ခေတ်၊ ခေါမခေတ်၊ ရောမခေတ်၊ ပုဂံခေတ်နဲ့ ကုန်းဘောင်ခေတ် စသည်ဖြင့်ခွဲခြားပြီး အသေးစိတ်ပြောတယ်။
သမိုင်းခေတ်တွေက ပြောင်းလဲမှုများသလို မြန်တဲ့အခါမြန်မယ်။ နှေးတဲ့အခါနှေးမယ်။ ဒါကြောင့်ဘာသာရေးအပြောင်းအလဲကို မှန်းရခက်တယ်။ ဒါပေမဲ့ ယုံကြည်မှုအရှိန်အဟုန်မြင့်တဲ့ခေတ်မှာ ဘာသာရေးအဆောက်အဦတွေ များများဆောက်ပြီး ထုထည်လဲကြီးမယ်။
သို့သော် လူဦးရေတိုးပွားလာခြင်းအပေါ်မူတည်ပြီး ဆောက်ဖို့လိုမယ့်အိမ်အရေအတွက် လိုအပ်ချက်ကိုတော့ ဘာသာရေးအဆောက်အဦတွေရဲ့ အရေအတွက်က မီမှာမဟုတ်သလို နှိုင်းစရာလိုမှာလည်းမဟုတ်ဘူး။
ဒါကြောင့် အရေအတွက်နဲ့လိုအပ်တဲ့ ဖိအားမတန်တဆများတဲ့အိမ်ကို ဆောက်ဖို့ကလဲမဆုံးနိုင်သလို ဒီအိမ်ကိစ္စကို အကြောင်းပြုပြီးစဉ်းစားစရာတွေက မကုန်နိုင်မခန်းနိုင်။
ယနေ့လိုရှုပ်ထွေးပွေလီလာတဲ့ခေတ်ကာလမှာ အိမ်ကိုပြည်သူအများလိုအပ်ချက်အနေနဲ့ အုပ်ချုပ်သူရဲ့တာဝန်ဖြစ်လာပြီး “မြို့ပြစီမံကိန်း” –Urban Plannig-, “အိုးအိမ်ကိစ္စ” -Housing- စသည်ဖြင့် ကဏ္ဍတွေခွဲပြီး ဒီအိုးအိမ်ကိစ္စကိုပဲအသေးစိတ်ပြီး ရှုပ်ထွေးတဲ့အတွေး အယူအဆတွေ နည်းဥပဒေတွေနဲ့ စီမံခန့်ခွဲလာရပြီ။

လူသားမျိုးနွယ်စု Homo-sapien က ပျောက်ကွယ်မသွားရုံသာမက တိုးပွားလာတဲ့လိုအပ်ချက်နဲ့ “တွယ်တာမှု” -Bond- ဆိုတဲ့ “ချည်နှောင်မှု” နဲ့ချည်နှောင်ပြီး ဖွဲ့စည်းထားတဲ့ “မိသားစု” -Family- ထူထောင်မှုဆိုတဲ့ ပင်မလိုအပ်ချက်က ဆက်လက်တောင်းဆိုနေသမျှကတော့ အိမ်တွေဆောက်နေကြရဦးမှာပေါ့။
ဆောက်လုပ်မယ့်နည်းနာတွေ၊ အသစ်အသစ်တွေ စဉ်းစားသလို၊ ဆောက်လုပ်ရေးပစ္စည်းတွေ ထပ်ခါထပ်ခါထွင်နေနိုင်သေးလို့ ပိုမိုရှုပ်ထွေးတဲ့ “အိမ်အတွေး” တွေဆက်ပေါ်နေပြီး ရပ်ထားလို့မရတဲ့ လေ့လာရေးခရီးရှည်ကြီးဖြစ်လာပြီ။
မြို့ကြီးပြကြီးတွေရဲ့ထုထည်နဲ့ လိုအပ်မယ့်အိမ်ယာကိစ္စ -Housing Problem- နဲ့နှိုင်းယှဉ်ကြည့်ရင် “လုံးချင်းအိမ်” –Single House- ကအသေးအမွှားလို့ဆိုချင်ကြမယ်။ အိမ်တစ်လုံးချင်းရဲ့ထုထည်သာသေးမယ်။ အရေအတွက် တော့ အဆမတန်များတယ်။
တစ်လုံးခြင်းရဲ့ထုထည်အရ “လုံးချင်းအိမ်” –Single House- ကို အသေးအမွှားလို့ဆိုနိုင်လောက်ပါတယ်။

ဒါပေမဲ့ ပတ္တမြားလို၊ နီလာလို အလွန်ချစ်စရာအရည်လေးတွေလဲ့နေလို့ “လုံးချင်းအိမ်မှာလဲ” သူ့ဆွဲဆောင်မှု သို့မဟုတ် သူ့စွဲမက်စရာလေးတွေနဲ့သူ။ သူ့ရဲ့အနုညာမြောက်မှုကလဲ တစ်နည်းတစ်ဖုံ ပိုပြည့်စုံပြီး သူ့ရဲ့ကဏ္ဍကဆုံးသွားပြီလို့မဆိုနိုင်ဘူး။ “လုံးချင်းအိမ်” ကလေးတွေဆောက်ဖို့မလိုတော့ဘူးလို့ ပြောလို့မရဘူး။
လူနေဖို့အိမ်ကို လူသားတွေ ရှေးဦးကာလထဲက ဆောက်ခဲ့သည်ဖြစ်ပေမယ့် လူ့အသိဥာဏ်တိုးတက်မှုနဲ့ ယဉ်ကျေးမှုရဲ့ပုံရိပ်အနေအထားအထိ တိုးတက်လာဖို့တော့ ကာလရှည်စွာကြာခဲ့တယ်။
ခေတ်သစ်ဗိသုကာထဲက လူနေအိမ်ရဲ့သမိုင်းကြောင်းကို လေ့လာမှတ်တမ်းတင်ရာမှာ ခေတ်ကာလ တွေပိုင်းခြားပြီး သင်ကြားလေ့လာကြရတယ်။ (၁၈) (၁၉) ရာစုနှစ်များက ဥရောပနဲ့ အမေရိကန်နိုင်ငံတို့မှာပေါ်ပေါက်ခဲ့တဲ့ “စက်မှုတော်လှန်ရေး” –INDUSTRIAL REVOLUTION- ကိုဘယ်ခေတ်နဲ့မှနှိုင်းယှဉ်လို့မရအောင် ပြောင်းလဲစေခဲ့တဲ့ခေတ်လို့ သတ်မှတ်ကြတယ်။
ဒီခေတ်အထိတော့ အစဉ်အလာက သတ်မှတ်ပေးတဲ့ ပုံစံနဲ့အိမ်တွေကိုဆောက်ခဲ့တယ်။ အပြောင်းအလဲဆိုလို့လည်း နောက်ဆုံးခေတ်ကိုမှီပြီး ပါးပါးလျားလျားပဲ ပြုပြင်ဖို့အာရုံထားတယ်။

ဒါပေမဲ့ စက်မှုတော်လှန်ရေးက ဖော်လိုက်တဲ့ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုတွေရဲ့အရှိန်အဟုန်ကပြင်းထန်လွန်းတော့ စီးပွားရေးရဲ့အင်အားက နိုင်ငံရေးနဲ့ ယဉ်ကျေးမှုတွေကိုပါပြောင်းလဲလိုက်ပြီး အသစ်ပေါ်ပေါက်တဲ့စနစ်ရဲ့လိုအပ်ချက်ကတစ်မျိုး၊ အသစ်ပေါ်ပေါက်လာတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကတစ်ဖုံ။
ဒါ့အပြင် အဟောင်းရဲ့ရှည်ကြာတဲ့လောင်းရိပ်ကိုငြီးငွေ့မှုကလည်း တမှောင့်။
ဒီလိုနဲ့အဟောင်းကိုငြီးငွေ့၊ အသစ်ကိုတောင့်တ၊ အတွေးသစ်ကိုအကောင်အထည်ဖော်နိုင်တဲ့ ပစ္စည်းပစ္စယတွေက အဆင်သင့်၊ နည်းပညာသစ်တွေကပေါ်ပေါက်လာပြီး အလေ့အကျင့်ရလာပြီးကျွမ်းကျင်လာ။
စက်မှုတော်လှန်ရေးခေတ်က တောင်းဆိုလာတဲ့ အတွေးသစ်၊ အမြင်သစ်၊ ဟန်သစ်၊ ပန်သစ်တွေက တစ်နေ့တခြားအားကောင်းလာမှာကို ကြိုတင်သိမြင်ခဲ့တဲ့ ဆရာတစ်ဆူ၊ ဂျာမနီနိုင်ငံမှာပေါ်ထွန်းခဲ့တယ်။ ဒီဆရာကြီးရဲ့အာရုံက “စက်မှုတော်လှန်ရေး” ခေတ်ရဲ့လိုအပ်ချက်လို့ဆိုရမယ့် Industrial Design က မရှိမဖြစ်လိုအပ်ပြီဆိုတာပါပဲ။

ဆရာကြီးရဲ့အမည်က – Peter Behrens ပါတဲ့။
ဒီဆရာကြီးထံပါးမှ အန္တေဝါသိက – တပည့်ရင်းများ “အဖြစ်နဲ့လေ့လာဆည်းပူးခဲ့သူ လူငယ်အချို့ရှိခဲ့ပြီး ခေတ်သစ်စက်မှုခေတ်ရဲ့စက်မှုဒီဇိုင်း” Industrial Design ပညာကိုအုတ်မြစ်ချပေးသူများလို့ဆိုရင်လဲ မလွန်တန်ရာ။
ဒီဆရာကြီးရဲ့ဩဇာနဲ့သင်ပြမှုကြောင့် ဗိသုကာအသစ်နဲ့ ခေတ်သစ်စက်မှုဒီဇိုင်းပညာကြီးထွားဖွံ့ဖြိုးစေဖို့ အဓိကအခန်းကပါဝင်ခဲ့ကြသူ ရှေ့ဆောင်ဆရာကြီးများ ပေါ်ပေါက်လာပြီး စာရင်းထုတ်ကြည့်ရင်-
(၁) ဂျာမဏီနိုင်ငံမှာ Bauhaus ဆိုတဲ့ဒီဇိုင်းကျောင်းကို တည်ထောင်သူ Walter Gropius “ဝေါ်လ်တာဂရိုပီးယပ်စ်”
(၂) မော်ဒန်ခေတ်ကို ဦးဆောင်သူတစ်ဦးဖြစ်လာမယ့် Ludwig Mies van der Rohe လူးဒဝစ်မီးစ်ဗန်ဒဲရိုး
(၃) ပြင်သစ်နိုင်ငံသား ဆွစ်ဇာလန်ဖွား Le Corbusier လေကော်ဗြူစီယေး
(၄) ဖင်လန်နိုင်ငံက Alvar Aalto အယ်လ်ဘာအာလ်တိုနဲ့
(၅) အမေရိကန်နိုင်ငံက Frank Llyod Wright ဖရန့်ခ်လွိုက်ရိုက် တို့ဖြစ်ကြတယ်။
ဒီရှေ့ဆောင်လမ်းပြဆရာကြီးများက မြို့ပြစီမံပုံစံ -Urban Planing- ရဲ့ကောင်းကျိုးဆိုးပြစ်ကအစြွေကထည်မြေထည်လို လူသုံးကုန်ပစ္စည်းများအထိ “စက်မှုတော်လှန်ရေး” အလွန်ကာလများရဲ့လိုအပ်ချက်နဲ့ အတွေးကိုအခြေခံစဉ်းစားပုံ၊ စက်စွမ်းအားတိုးချဲ့ပြီး ပစ္စည်းမျိုးစုံကို ထုနဲ့ထည်နဲ့အမြန်အဆန်ထုတ်လုပ်မယ့် စက်မှုခေတ်ရဲ့တောင်းဆိုချက်နဲ့ကိုက်ညီအောင် ညှိနှိုင်းစဉ်းစားရမှာအရေးကြီးပုံကို ညွှန်ပြဦးဆောင်ခဲ့တယ်။ အာရုံပြောင်းဖို့သင်ကြားဟောပြောပြီး လက်တွေ့လဲပစ္စည်းတွေကိုလုပ်ပြ အဆောက်အဦတွေကိုဆောက်ပြခဲ့ကြတယ်။
နေထိုင်မယ့်အိမ်ပုံသဏ္ဍာန်ပြောင်းတယ်ဆိုပေမဲ့ နေထိုင်သူရဲ့ “နေမှုဘဝ” –Mode of Life- အထိ သက်ရောက်မှုရှိစေတာဖြစ်လို့ အိမ်ရဲ့ပုံပန်းရော၊ အခန်းဖွဲ့ စည်းပုံ၊ “ဟင်းလင်းခွင်” -Space- ကိုပါ အကျိုးသက်ရောက်စေတယ်။

သံမဏိတိုင်နဲ့တန်းပေါ်မှာ သံမဏိပြားတွေနဲ့ ကာရံထားတဲ့လေးထောင့်တုံးပုံလို အိမ်ပေါ့ပေါ့ပါးပါးတွေမှာ ပြတင်းလိုဝင်ပေါက်လိုအပွင့်ကို မှန်ချပ်ကြီးကြီးနဲ့ ကာထားရုံသက်သက်နဲ့ဆောက်ပြလိုက်တော့ စနစ်ဟောင်းနဲ့ နေသားကျနေခဲ့လို့ အားလုံးအကြပ်ရိုက်ကုန်တယ်။
ဒီအတွေးသစ်နဲ့ဆောက်တဲ့အိမ်တွေ အစပိုင်းမှာတော့ လက်ခံဖို့အခက်အခဲနဲ့ရင်ဆိုင်ခဲ့ကြရပေမဲ့ အချိန်နဲ့ပစ္စည်း၊ နည်းပညာရဲ့အပြောင်းအလဲကိုက တောင်းဆိုမှုဖြစ်လို့ ဒီလိုရိုးရှင်းမှုနဲ့ ယခင်ကနဲ့ကွာခြားမှုကိုလက်ခံလာတယ်။ ဦးဆောင်သူမော်ဒန်ရဲ့လမ်းပြဗိသုကာဆရာကြီးတွေအားလုံးလည်း စက်ရုံအလုပ်ရုံလို အဆောက်အဦကြီးတွေသာမကဘဲ လုံးချင်းအိမ်အကြီးအသေးကို ဆောက်ပြီးလက်စွမ်းပြခဲ့ကြတယ်။
ဒီဆရာကြီးများရဲ့ထူးခြားပြီး ထင်ရှားတဲ့လုံးချင်းအိမ်များကိုတင်ပြဆွေးနွေးရင် မော်ဒန်ခေတ်ရဲ့ “လုံးချင်းအိမ်” –Single House- ရုပ်ပုံလွှာ Image ပေါ်လာနိုင်ကောင်းရဲ့ထင်လို့ ဒီဆရာကြီးများရဲ့ “လုံးချင်းအိမ်”နဲ့ ဒီအိမ်များရဲ့ အနှစ်သာရနဲ့အတွေးတွေကို တင်ပြလိုက်ပါတယ်။ ။

ဗိသုကာဆြာရွှေ