Live Life Dezine

Architecture & Design Magazine in Myanmar

ရန်ကုန်တက္ကသိုလ် ဓမ္မာရုံနှင့်အတူ

မြိတ်ကျောင်းသား လူငယ်တစ်ယောက် ၁၉၅၃/၅၄ ခု၊ ပညာသင်နှစ်၊ ဇွန်လ ၇ရက်၊ တနင်္ဂနွေနေ့၊ ညနေ ၅း၃၀ နာရီခန့်တွင် BAC – Dakota လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ဆိုက်ရောက်လာ၏။ ထိုကာလက မင်္ဂလာဒုံလေယာဉ်ကွင်းကား ကွန်ကရိ Temac မဟုတ်ဘဲ စစ်သုံးများပါသော ယာယီစစ်သုံးသံပြားချပ်ခင်းပြေးလမ်း အခြေအနေဖြင့်သာ။
ထိုနှစ်တွင် မော်လမြိုင်ကောလိပ်ကိုစဖွင့်၏။ (ယင်းကောလိပ်အဆောက်အဦသည် ဗိသုကာစည်သူဦးတင်၏ ဒီဇိုင်းဖြစ်ပါသည်။) တနင်္သာရီတိုင်းမှ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်မှာလာတက်လျှင် အဆောင်နေခွင့်မပေးပါ။
ကမာရွတ် (ထိုစဉ်ကရှိခဲ့သောအဝိုင်းကြီး) အနီး ဦးထွန်းလင်းခြံထဲရှိ သူ၏ဆွေမျိုးဦးလေး၏အိမ်တွင်နေပြီး နေ့ကျောင်းသားအဖြစ်တက်ဖို့ အစီအစဉ်ဖြင့်လာခဲ့၏။ ယင်းအိမ်မှ တစ်ဖာလုံမျှသာဝေးသည်။ ထို့ကြောင့် တက္ကသိုလ်ဓမ္မာရုံသို့ ညနေတိုင်းလိုလို သူရောက်ဖြစ်ခဲ့သည်။
ဤလူငယ်သည် ဗိသုကာဒဿန နောက်ခံသဘောတရားကို လုံးဝမသိ၊ နားမလည်ပါ။ သို့သော် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံအဆောက်အဦ၏ ဗိသုကာ့လက်ရာဟန်ကို မျက်ကန်းနှစ်ခြိုက်သဘောကျခဲ့သည်။
သူအင်ဂျင်နီယာကျောင်းသားဖြစ်လာတော့ ရာမညအဆောင်တွင်အခန်းရသည်။ ဗိသုကာကျောင်းသားဘဝလေးနှစ်တာအတွင်း (ကျောင်းပိတ်ရာသီမှအပ) ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကို ဗိသုကာအသိလေးနဲ့ ကြည့်တတ်လာ၏။ ထို့ကြောင့်လည်း ဓမ္မာရုံသို့ သူအရောက်များခဲ့သည်။
အခြားအကြောင်းတစ်ခုလည်းရှိသေး၏။ ထိုသူငယ်၏မွေးနှစ်နှင့် ဤတက္ကသိုလ်ဓမ္မာရုံအား အုတ်မြစ်ချနှစ်တူနေသည်။ တစ်နှစ်တည်း ဖွားဆိုနိုင်ပါ၏။ သူ့မွေးနေ့က ၅၆ ရက်စောပါသည်။ သူတက္ကသိုလ်ရောက်သည့်နှစ်တွင် ဤဓမ္မာရုံသည် အသက် ၂၀ နှစ်ရှိနေပြီပေါ့။
ဤလူငယ်ဗိသုကာဘွဲ့ရပြီးသည့်နောက် ဆရာကြီးစည်သူဦးတင် KSM ရုံးတွင်အလုပ်ဝင်ခဲ့သည်။ ဤအဆောက်အဦသည် မိမိတို့စွဲလန်းယုံကြည်ထားသည့် လေးကျွန်းတစ်မြင်းမိုရ်၊ မေရုတောင် ဗဟိုပြု၊ စိတ်ကူးယဉ်မြန်မာ့စကြာဝဠာအကြောင်းပြုပြီး ပုံထုတ်ခဲ့ကြောင်းသိရသည်။ မြန်မာ့ဗိသုကာ့လက်ရာဟန်ဆိုတာ ဒီခေတ်မှာတော့ ဒီပုံသို့ပြောင်းလဲလာသည့် Symbolic Architec os Symbolism ဟန်ဖြစ်ကြောင်း ထပ်ဆင့်သိရ၏။
စင်စစ် မြန်မာဗုဒ္ဓဘာသာဝင်တို့ သက်ဝင်ယုံကြည်ထားသည့် လေးကျွန်းတစ်မြင်းမိုရ် စကြာဝဠာပုံရိပ် မြန်မာဘုန်းတော်ကြီးကျောင်းတက်ခဲ့သူတိုင်းနားလည်ကြသည်။ ဤအကြောင်းအားသိမထားလျှင် မြန်မာ့အနုပညာ၊ မြန်မာ့ရိုးရာဓလေ့၊ မြန်မာ့ဗိသုကာ့လက်ရာဟန်ကို နားမလည်နိုင်ပါ။ အ-ထ-က ထွက်ကျောင်းသား၊ ခရစ်ယာန်မစ်ရှင်ကျောင်းထွက်တို့မသိကြပါ။

စိန်ရတုသဘင်ကျင်းပစဉ် (၂၀ဝ၈) ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၏ မူလလက်ရာဟန်ရသကို မြန်မာ့ရိုးရာ ဒီဇိုင်းမောင်အေးမြင့်က တိတိကျကျရေးဆွဲမှတ်တမ်းတင်ခဲ့သည်။ သူ၏လက်ရာဆွဲပုံကို တက္ကသိုလ်ကျောင်းသားဟောင်းကြီးများ အလွမ်းပြေရှုစားရန် ဖော်ပြလိုက်ပါသည်။ ပီပြင်သောမြန်မာ့ရိုးရာဗိသုကာအနုပညာ၏ရသကို ခံစားနိုင်ကြပါစေသည်း။
မြန်မာနိုင်ငံတက္ကသိုလ်များအုပ်ချုပ်ပုံစနစ်အား ပြန်လည်ဖွဲ့စည်းသည့် ၁၉၆၄ ခုရောက်မှ “တက္ကသိုလ်များဓမ္မာရုံ” အမည်သစ်သို့ပြောင်းခဲ့သည်။ မူလအမည်က “ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ” ပါ။
အကျယ်အဝန်းဧက ၁၀ဝ ခန့်ရှိသော ရန်ကုန်တက္ကသိုလ်ဝင်းကြီး၏ Master Plan သည် ဗြိတိသျှဗိသုကာ Mr. Foster, RIBA ၏ဒီဇိုင်းလက်ရာဖြစ်၏။ ဘွဲ့နှင်းခန်းမ အဆောက်အဦကြီးမှအစ ဂျပ်ဆင်ခရစ်ဝတ်ကျောင်း မျှော်စင်အလယ်၊ ကျောင်းသားသမဂ္ဂအဆောက်အဦအဆုံး အားလုံးသောအဆောက်အဦတို့၏ ဒီဇိုင်းလက်ရာဟန်သည် ၂၀ ရာစုဆန်းစကာလ Functionalism Style ဟန်ဖြင့်ရှိကြ၏။
ဂျပ်ဆင်ဝတ်ကျောင်းတည်ဆောက်ချိန်မှ နောင် ၁၁ နှစ်ခန့်ကြာမှ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကို Traditional Nationalism ရိုးရာ-အမျိုးသားဟန်ဖြင့် တက္ကသိုလ်ဝင်းအတွင်းပေါ်လာ၏။ သာမညအားထုတ်မှုဖြင့် ကိုလိုနီအစိုးရလက်အောက်တွင် မြန်မာ့ဗိသုကာအနုပညာမာန် ဝင့်နိုင်စေဖို့မဖြစ်နိုင်ပါ။ ယင်းအချက်ကို ကျောက်ကမ္ဗည်းစာတွင်ဖော်ပြသည်။ ဤကမ္ဗည်းထိုးကျောက်စာသည် ဓမ္မာရုံဆင်ဝင်အောက် လက်ဝဲနံရံပေါ်တွင်ရှိ၏။
“သာသနာနှစ် ၁၄၇၇၊ ကောဇာနှစ် ၁၂၉၅ ခု တ ပေါင်းလဆန်း ၁၃ ရက် စနေနေ့ (၁၉၃၃-၁၂-၁၀) ညနေ ၄း၃၀ နာရီအချိန်တွင် အလယ်-တောရဆရာတော်- အဂ္ဂမဟာပဏ္ဍိတ ကောသလ္လာဘိဓဇ – အုတ်မြစ်ချတော်မူသည်။”
မန္တလေးမြို့မှ ရိုးရာဗိသုကာကြီးဆရာခင်၏ Symbolism သင်္ကေတဗိသုကာ့လက်ရာဟန်နှင့် ခေတ်ပေါ်အင်ဂျင်နီယာ-ဗိသုကာ စည်သူဦးတင် KSM တို့ကြိုးပမ်းအားထုတ် ပေါင်းစပ်ချက်၏ရလဒ်ဖြစ်ပါသည်။ မူလဒီဇိုင်းတွင် ဘုံ ၇ ဆင့်ပြာသာဒ်တွင် စိန်ဖူးအထွဋ်တင်ထားသည့် ဂန္ဓကုဋိဆောင်သည် တင့်တယ်လှပါ၏။

စိန်ရတုနှစ် (၂၀ဝ၈-ခု) ပြင်ချိန်တွင် ထပ်တိုးပိုမြင့်လက်ရာသည် အသွင်တွင်မဆိုးလှသော်လည်း ဆောက်လုပ်ပစ္စည်းနှင့် နည်းပညာဘက်တွင်ညံ့သောကြောင့် ဆယ်နှစ်မပြည့်မီ ဆွေးမြည့်ပြုတ်ကျနေပေပြီ။ ယင်းနှစ် ထိုးကြေးပြားစာတစ်ချပ် ဆင်ဝင်အောက်တွင် ဂုဏ်ယူဝင့်ြွကားသည့်လေသံဖြင့်ကပ်ထားသည်။ ၁၀ နှစ်တာ ကာလအတွင်း အမွှမ်းအပြောက်အစိတ်အပိုင်းများ ပြာသာဒ်ဆောင်၏အခြေရေမြောင်းပေါ်တွင် ပြန့်ကြဲနေပေပြီ။
ဓမ္မာရုံဝင်းကြီးထဲတွင် မသပ်ရပ်သောလူနေအိမ်ငယ်များ၊ မော်တော်ကား Parking များဖြင့်ပြည့်နေသည်။ သူတို့သည် ဓမ္မာရုံအား ထိန်းသိမ်းခြင်းပြုကြဟန်မတူပါ။ သူတို့၏အနေအထားသည် သာသနိကအဆောက်အဦအား အဂါရဝပြုနေသယောင်ရှိ၏။ ဓမ္မာရုံ၏ခန့်ညားမှုပသာဒအား ဖျက်ဆီးနေသည့်ဟန်မြင်ရသည်။ တကယ့်ကို စိတ်မကောင်းဖြစ်မိပါ၏။
ကျွန်ုပ်တို့နိုင်ငံမှာ နှစ် ၁၀ဝ ကျော် ကိုလိုနီခေတ်စနစ်ဆိုးကြောင့် မြန်မာ့ Cultural finesse အခြေခံဗဟုသုတခေါင်းပါးခဲ့သည်။ ယနေ့တိုင် အသိဥာဏ်အရာတွင် ပြန်လည်နလံမထူသေးကြောင်း လက်တွေ့သာဓကတစ်ခုပေတည်း။
ဝဲလင်းစင်္ကြံန်နှစ်ဘက်ရံထားသည့် ပင်မအာရုံခံ ဓမ္မာရုံခန်းမကြီးကို တစ်လည်ဖော်ဘုံနှစ်ဆင့်ဖြင့်မိုးထား၏။ ယင်း၏ခေါင်ရိုးတွင် ကျိရန်းများစဉ်တန်း၍ ဝေယန်ကိုအလယ်ထားကာ အဆော်များဖြင့်ရံပေးထားသည်။
ခေါင်ရိုး Ridge line များ၏တောင်စွန်နှင့် မြောက်စွန်တို့ခေါင်ဖွင့်အား မြင်းမိုရ် Gable ပိတ်သည်။ ဟင်္သာ (ဘဲ) တောင်၏ထိပ်ဦးစွန်တို့မှာ ဒုရင်တိုက်၊ ဒုရင်လိုက်တို့ဖြင့် တံစက်မြိတ်တို့မှာ ထောင့်တုယင်တို့ဖြင့် အမွှမ်းအပြောက်တင်ထားသည်။

ယင်းအပြောက်တင် Motifs တို့၏ကိုယ်စားပြု သင်္ကေတတို့တွင် နိမိတ်ညွှန်းအဓိပ္ပာယ်အသီးသီးရှိကြ၏။ သိလိုလျှင် မွန်ပညာရှိဦးရွှေနော် (၁၉၀၇-ခု) ရေးခဲ့သော “အာဒိ-ကပ္ပ ကမ္ဘာဦးကျမ်း”၊ “မုံရွေး (ဆရာတော်) ၏မှတ်စု၊ဒေါ်ခင်ခင်စု၏ “မြန်မာ့ဗိသုကာကျမ်း” (၁၉၆၁) နှင့် ကျမ်းပြုသူ (၂၄/၃/၂၄)၊ ဦးတင်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (၅-တွဲပေါင်းချုပ်) တတိယအကြိမ်-၂၀၁၂၊ စိတ်ကူးချိုချို၊ ရန်ကုန်တို့ကို အဖန်ဖန်ဖတ်ရှုပြီးဆင်ခြင်လျှင် စာရှုသူအား အတန်ငယ်ကူညီလိမ့်မည်။
ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာ့ Cultural Finesse ဆိုင်ရာအခြေခံဗဟုသုတ ကျွန်ုပ်တို့တွင်ခေါင်းပါးခဲ့ရ၏။ အခြေခံကောင်းသောအဟောင်းကို ကျွန်ုပ်တို့က သစ်ဆန်းသောအမြင်ဖြင့် ပြန်လည်ရှင်သန်စေနိုင်သည်။ သမိုင်းအစစ်မရှိခဲ့သော မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့သည် ခေတ်သစ်နည်းပညာကိုသာ အားကိုးနေကြရသည်။
သူ့ကျွန်ဖြစ်ခဲ့ကြောင်းသက်သေပြဖို့ ဒေါ်လာကြဲပြီး “ကမ္ဘာ့အမွေမနှစ်များ” ဟု ခေါင်းစီးတပ်ကာ လိုက်ထိန်းသိမ်းနေသည်ကို မြင်သင့်ပါ၏။ မကန့်ကွက်လိုပါ။ သို့သော် သူတို့လူရာမဝင်မီက မြန်မာတို့ယဉ်ကျေးမှုကပွင့် လန်းခဲ့ပြီဟူသည်ကို သတိချပ်သင့်သည်။ ဗိသုကာ့လက်ရာဟန်အား ချစ်မြတ်နိုးသူတို့နားလည်ထားသင့်၏။

စာရေးသူ၏ကိုယ်တွေ့သာဓကတစ်ခုကိုပြောပြပါမည်။ ဗိသုကာ ၁၅ နှစ်ကွဲကွာနေခဲ့သော တပည့်ရင်းတစ်ယောက်နှင့် ၁၉၈၀ ခုတွင်ပြန်ဆုံတွေ့ဆုံရသည်။ လက်တွေ့လုပ်ငန်းခွင် ၁၅ နှစ်တာဘဝမှာ သူကျင်လည်ရခဲ့သည့် အတွေ့အကြုံနှင့် အတွေးအခေါ်အား စမ်းသပ်ရန် သူနှင့်ဆွေးနွေးမိပါ၏။
သူကျောင်းသားဘဝက ဗိုလ်စိတ်ပေါက်နေသော သူ့ဆရာ၏လေသံအတိုင်း “ဒါတွေကအသုံးကျတဲ့အရာ တွေမဟုတ်ဘူး။ These motifs serve no purpose ဟု မိမိအားဖြေခဲ့သည်။ ဗိသုကာအသိဥာဏ် သူ့တွင်တိုးတက်ခြင်းလုံးဝမရှိကြောင်းသိရ၏။
ဪသာ်…ဒီဆရာနှင့် ဒီတပည့်တို့ခမျာ ဗိသုကာဘွဲ့၊ မဟာဘွဲ့တွေရထားကြသူတွေမို့ လူတော်လူချွန်များဟု ထင်မြင်နိုင်သော်လည်း မြန်မာ့ဓလေ့၊ မြန်မာ့စရိုက်ဘက်တွင် သူတို့သည် ၁၉၆၀ ကျော်ကအတိုင်းရှိနေတုန်းပါပဲလား။ မြက်ရိတ်နွားကျောင်းပြီး အသက်မွေးနေရသူ ဗုဒ္ဓဘာသာဝင် လယ်တောသားထက် မြန်မာမှုအရာတွင် သူတို့ ပို-မလာ၊ တယ်-မထူးကြသူတွေပဲလို့ ကောက်ချက်ချခဲ့မိ၏။
မြိတ်ကျောင်းသား ထိုလူငယ်အတွက် မိမိနှင့်သက်တမ်းတူ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကို စိတ်ထဲစွဲသွားသည်။ အင်/ယာ – ဗိသုကာစည်သူဦးတင်ယ, KSM သည် အငြိမ်းစားယူပြီးနောက် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ်-၁၃၆၊ တတိယအထပ်တွင် ကိုယ်ပိုင်ရုံးဖွင့်ထား၏။ ဘွဲ့ရပြီး လုပ်ငန်းသဘောသိမှတ်ဖို့ အလုပ်သင်ဝင်ရသည်။ အန်ကယ်လ်ဦးတင်က သူတက္ကသိုလ်ဓမ္မာရုံအား ဒီဇိုင်းပုံထုတ်စဉ်က အဖြစ်အပျက်များကိုပြောပြ၍ ပို၍သိခွင့်ရခဲ့သည်။

မြန်မာ့မြေပေါ်တွင်တည်ရှိသော မြန်မာ့တက္ကသိုလ်ကြီး၏ပရဝုဏ်ဝင်းထဲတွင် ၁၂၉၅ ခုက မြန်မာ့ရိုးရာဗိသုကာ့လက်ရာဟန်ဖြင့် ဆောက်လုပ်ပူဇော်ထားနိုင်စေခဲ့သည်။ ဤ “တက္ကသိုလ်များဓမ္မာရုံ” သည်တစ်ပါးသူတို့အတွက် မည်ကဲ့သို့သောခံစားချက်ဖြစ်ပေါ်လိမ့်မည်ကို မခန့်မှန်းတတ်သော်လည်း ဤမြိတ်ဇာတိကျောင်းသားလူငယ်အား ဗိသုကာပညာနှင့်ပတ်သက်လျှင် တစ်မူထူးခြားသော မျိုးချစ်စိတ်နှင့် ဘဝအားမာန်ကိုတိုးပွားစေခဲ့သည်။
ဗိသုကာသင်ရိုးတွင်မပါရှိသော်လည်း ကထိကဖြစ်လာသောနှစ်များတွင် ဗိသုကာဒီဇိုင်းလမ်းညွှန် ၁၄ ချက် ချပေးနိုင်ခဲ့သည်။ နောက်ဆုံး ၁၄ ခုမြောက်အချက်သည်အရေးအပါဆုံးဖြစ်၏။ “The INSPIRATIONALISM သို့မဟုတ် The SPIRIT of ARCHITECTURE” ဟူသည် ထိုအရာပင်ဖြစ်ကြောင်းသိစေနိုင်ခဲ့သည်။
ဗိသုကာသင်တန်းသားများအားလုံး ကိုယ်ပိုင်လက်တွေ့ခံစားသဘောပေါက်စေနိုင်ဖို့ဖြစ်ပါသည်။ ဤတက္ကသိုလ်ဓမ္မာရုံအဆောက်အဦက မြန်မာ့ကိုယ်ပိုင်ဟန်အား နားလည်သဘောပေါက်နိုင်ဖို့ မိမိအားအထူးကျေးဇူးပြုခဲ့ကြောင်းပါခင်ဗျား။

 

ဒေါက်တာလွင်အောင်-ဗိသုကာ

အရှေ့ကြို့ကုန်းရပ်ကွက်၊

အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။

၁ – ၁၁ – ၂၀၁၈