Live Life Dezine

Architecture & Design Magazine in Myanmar

ချမ်းမြရွှေပြည်စံ တော်ဝင်ကျောင်းတော်နှင့် SPINE ARCHITECTS

ချမ်းမြရွှေပြည်စံတော်ဝင်ကျောင်းတော် (မန္တလေးတောင်) Project အကြောင်းကို Spine Architects မှ Principal Architect ဆရာစတီဗင်ဇော်မိုးရွှေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာရဲ့ ဒီ Project မှာ Design Concept ၊ Material ရွေးချယ်အသုံးပြုမှုအကြောင်းတွေကို ပြည့်ပြည့်စုံစုံသိခွင့်ရပါတယ်။ အဆိုပါ အင်တာဗျူးအပြည့်အစုံကို ကျွန်တော်တို့ Live Life Media ရဲ့စာဖတ်ပရိသတ်ထံ ပြန်လည်ဝေမျှလိုက်ပါတယ် . . .

 

မင်္ဂလာပါ။ ပထမဦးဆုံးမေးခွန်းပါဆရာ။ မတူညီတဲ့ Client အလိုက် ဒီဇိုင်းပိုင်းဆိုင်ရာကို ဘယ်လိုမျိုးစတင်စဉ်းစားဖြစ်လဲ။
Client တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးဗျ။ တစ်ယောက်လိုအပ်ချက် Functional Requirement နဲ့ တစ်ယောက်လည်းမတူကြဘူး။ သူတို့ရဲ့လိုအပ်ချက်ကို ကျေကျေလည်လည်နားလည်အောင် အရင်လုပ်ပြီးတော့မှ ဒီဇိုင်းပိုင်းဆိုင်ရာကိုစပြီးစဉ်းစားပါတယ်။

 

အခု Project ကို စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါခင်ဗျ။
ကျွန်တော်တို့နဲ့ အင်မတန်ရင်းနှီးတဲ့ဝင်ဒါမီယာက ဘုန်းဘုန်းက သူလုပ်တဲ့အဆောက်အဦတိုင်းကို ကျွန်တော်တို့ကိုလုပ်ခိုင်းလေ့ရှိတယ်။ ဘုန်းဘုန်းက အသစ်ကိုအားပေးတယ်။ အမြင်ကျယ်တယ်။ မလိုအပ်ပဲနဲ့ အလှအပမွမ်းမံခြယ်သတာမျိုးတွေမကြိုက်ဘူး။ ၂၀ဝ၈ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ကျွန်တော်တို့က မန္တလေးရုံးခွဲကိုစပြီးတည်နေတဲ့အချိန်၊ ဘုန်းဘုန်းကလည်း သူ့ရဲ့မန္တလေးတောင်ကကျောင်းမှာ ဒီချမ်းမြရွှေပြည်စံတော်ဝင်ကျောင်းနဲ့ သိမ်တစ်ဆောင်ဆောက်ဖို့ အမိန့်ရှိတာနဲ့ ကုသိုလ်ဖြစ်လုပ်ဖြစ်ခဲ့တာပါ။

 

Design Concept အကြောင်းလေးရှင်းပြပေးပါ။ Conceptual Design ဘယ်လိုမျိုးစပြီးစိတ်ကူးဖြစ်ခဲ့ပါသလဲ။
Design Concept က သိပ်ထူးထူးခြားခြားမဟုတ်ပါဘူး။ ဆောက်မယ့်နေရာက မန္တလေးတောင်အတက်လမ်းတစ်ဝက်လောက်မှာရှိတယ်။ တောင်စောင်းပေါ်မေးတင်ပြီး ဆောက်မှာဆိုတော့ ရှိနေတဲ့မြေအနေအထား၊ တောင်ကြောအတိုင်းလိုက်ပြီး Plan လုပ်ပေးထားတာပါ။ ဒီအဆောက်အဦပေါ်ကနေ မန္တလေးမြို့ကိုမြင်နေရတဲ့ Aerial View ရအောင်လုပ်ပေးထားတာပါ။

 

ဒီ Design ကို စဉ်းစားတဲ့အခါမှာ ဆရာ့အနေနဲ့ ဘယ်လိုအခက်အခဲမျိုးကြုံရပါသလဲခင်ဗျ။
အခက်အခဲရယ်လို့ သိပ်ကြီးကြီးမားမားမရှိပါဘူး။ သာသနိကအဆောက်အဦဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာထုံးစံအရ လိုက်နာရမယ့်စည်းကမ်းတွေကို ဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့လေ့လာပြီးလုပ်ရတယ်။ ဆောက်မယ့်နေရာရဲ့မြေသားက ကျောက်တောင်ပေါ်ဖြစ်နေတော့ အဆောက်အဦရဲ့ Foundation ကို ကျောက်သားထဲမှာထည့်ရတယ်။ ဒီလောက်ပါပဲ။

 

ဒီ Final Design ရဖို့ အချိန်ဘယ်လောက်ယူပြီး ပြင်ဆင်ခဲ့ရလဲသိပါရစေ။
အချိန် (၁) လလောက်ယူခဲ့ပါတယ်။

 

Design ကို လက်တွေ့ပုံဖော်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပါသလဲ။
သိပ်အခက်အခဲမရှိပါဘူးခင်ဗျ။ ဆရာတော်ကိုယ်တိုင်ကလည်း ကျွန်တော်တို့လက်ရာတွေကိုအသိအမှတ်ပြုတယ်၊ ဆရာတော့်ကိုပံ့ပိုးပေးနေတဲ့ဆောက်လုပ်ရေးအ ဖွဲ့နဲ့ Structure Consultant အပိုင်းကလည်း ကျွန်တော်တို့ကိုအပြည့်အဝကူညီပေးတော့ အခက်အခဲသိပ်မရှိခဲ့ပါဘူး။ ဆရာတော်ရည်ရွယ်ထားတဲ့ ကုန်ကျစရိတ်အတိုင်းအတာအရ အံဝင်ခွင်ကျဖြစ်မယ့်ဆောက်လုပ်ရေးပစ္စည်းမျိုး၊ ရေရှည်ထိန်းသိမ်းရလွယ်မယ့်ဟာမျိုးဖြစ်အောင် စဉ်းစားပေးရတာမျိုးလောက်ပဲရှိပါတယ်။ ဒါကလည်း Project တိုင်းမှာထည့်စဉ်းစားရတဲ့အချက်တွေပါပဲ။ သိပ်ခက်ခဲလှတယ်မဟုတ်ပါဘူး။

 

ဆောက်လုပ်နေရင်း မူလဒီဇိုင်းကနေသွေဖည်ခဲ့ရတာတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မလုပ်လိုက်ရတာတွေရှိရင်သိပါရစေ။
မရှိပါဘူး။

 

ဒီ Project မှာ အားအရဆုံးအပိုင်းကို သိပါရစေ။
ဒီကျောင်းဆောင်ရဲ့ Functional Requirement အပိုင်းက သိပ်ရှုပ်ရှုပ်ထွေးထွေးမရှိလှဘူး။ Plan ရဲ့ဖွဲ့စည်းပုံကို သိပ်ပြီးခက်ခက်ခဲခဲလုပ်ဖို့မလိုခဲ့ဘူး။ ရပ်ဝေးကလာတဲ့ ရဟန်းဧည့်သည်၊ လူဧည့်သည်တွေတည်းခိုနေထိုင်ဖို့ အိပ်ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်၊ နားနေဆောင် ဒီလောက်ပဲပါတာပါ။
ဘယ်အပိုင်းကိုအားရသလဲဆိုတော့ ပင်မလှေကားကနေတက်တက်လာချင်း Lobby အကျယ်ကြီးထဲကိုရောက်မယ်။ အဲဒီ Lobby ကနေ တောင်အောက်ဘက်ကိုမြင်နေရတယ်။ လက်ရန်းလောက်ပဲကာထားတော့ လေကောင်းကောင်းရတယ်။ အဲဒီ Lobby ကတဆင့် အခြားအခန်းတွေကိုသွားဖို့ရာ စင်္ကြန်လမ်းကို ဝရန်တာသဘောမျိုးလုပ်ထားတော့ အဲဒီကနေတောင်အောက်ဘက်က မြို့ရှုခင်းကိုလှမ်းမြင်ရတာတော်တော်ကောင်းတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းအနေနဲ့ မန္တလေးတောင်ပေါ်လမ်းလျှောက်တက်ကြတဲ့လူတွေဝင်လာကြပြီး ခဏနားကြတယ်။ လေ့ကျင့်ခန်းလုပ်ကြတယ်။ ရှုခင်းကလည်းကောင်းတယ်။ လေကလည်းကောင်းကောင်းတိုက်တာကိုး။ အဲဒီလိုဖြစ်သွားတာလေးတော့ အားရတယ်။

 

ဒီ Project မှာ ပြင်ခွင့်ရမယ်ဆို ဘယ်အရာကိုပြင်ချင်ပါသလဲ။
Budget အခြေအနေအရ Material ပိုင်းကို အခြေခံအကျဆုံးပစ္စည်းတွေပဲ သုံးလိုက်ရတယ်။ အဆောက်အဦရဲ့ Dressing ပိုင်းမှာ နံရံတွေကို သဘာဝကျောက်ပြားအစစ်တွေကပ်ချင်တယ်။ ကြမ်းခင်းကိုလည်း သဘာဝကျောက်ပြားအစစ်တွေခင်းချင်တယ်။ လျှောက်လမ်းဘေးက လက်ရန်းတွေကိုလည်း Hollow Steel Pipe တွေသုံးလိုက်ရတယ်။ အဲဒါထက်အရည်အသွေးပိုကောင်းတဲ့ Steel နဲ့ မှန်လက်ရန်းမျိုးလုပ်ချင်တယ်။

 

Client နဲ့ ညှိနှိုင်းဆွေးနွေးပေးရတဲ့အပိုင်းတွေရှိပါသလား။
ညှိနှိုင်းရတာတွေတော့ရှိပါတယ်။ ဒါပေမယ့် ဆရာတော်က ကျွန်တော်တို့နဲ့အယူအဆတူတယ်။ မလိုအပ်ပဲ အလှအပတွေ၊ အပြောက်အမွမ်းတွေလုပ်တာမကြိုက်ဘူး။ ဥပမာ သိမ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာထုံးစံအရလိုက်နာရမယ့်စည်းကမ်းတွေကို ပြည့်စုံအောင်လိုက်နာပြီးရင်လုံလောက်ပြီ။ ကျန်တာတော့ အပိုမလုပ်တဲ့ရှင်းရှင်းလင်းလင်းဟန်မျိုးကို ပိုသဘောကျတယ်။ ဆိုတော့ သာသနိကအဆောက်အဦတွေနဲ့ပတ်သက်တဲ့ ဓလေ့ထုံးစံစည်းမျဉ်းစည်းကမ်းတွေကို ဆရာတော်ကလမ်းညွှန်ကြီးကြပ်ပေးတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ကျွန်တော်တို့လုပ်ပေးတာတွေကို ဆရာတော်ကအပြည့်အဝကျေနပ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က တော်တော်ဝမ်းသာတယ်။

 

Material ရွေးချယ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ဘယ်လို Material မျိုးကို ဦးစားပေးအသုံးပြုခဲ့ပါသလဲ။ တခြား Material အသုံးပြုမှုတွေနဲ့ပတ်သက်ပြီးတော့လည်း မျှဝေပေးပါဦးခင်ဗျ။
Material ရွေးချယ်တဲ့အပိုင်းကတော့ ခုနကပြောခဲ့သလိုပါပဲ။ Budget အခြေအနေပေါ်မှာ မူတည်ပြီးလုပ်ရတာဆိုတော့ သိပ်ပြီးအကုန်အကျများတာတွေမလုပ်နိုင်ဘူး။ အပြင်ပိုင်းမှာဆိုရင် သုတ်ဆေးပဲသုံးရတယ်။ သစ်အစားထိုးပစ္စည်းတွေပဲသုံးရတယ်။ အတွင်းပိုင်းမှာလည်း အကုန်အကျသိပ်မများတဲ့ရိုးရိုးကြွေပြားလောက်ဘဲသုံးနိုင်တယ်။ အဓိကအားဖြင့် Structure ပိုင်းကိုမခိုကပ်ပဲ ကောင်းကောင်းသုံးတယ်။ မသုံးမဖြစ်သုံးရမယ့်ကုန်ကျစရိတ်တွေကို ပြည့်ပြည့်ဝ၀သုံးပြီး အရေးမကြီးတာတွေကိုတော့ လျှော့ရတာပေါ့။

 

ဒီ Project မှာ ဆရာ့အတွက် အကြီးမားဆုံး Challenge က ဘာများဖြစ်မလဲခင်ဗျ။
အကြီးမားဆုံး Challenge က သာသနိကအဆောက်အဦဖြစ်နေတာပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အဆင်တန်ဆာသိပ်ကြိုက်တယ်။ သာသနိကအဆောက်အဦတွေမှာဆိုရင် အဆင်တန်ဆာ၊ အပြောက်အမွမ်းမပါရင် သာသနိကအဆောက်အဦနဲ့မတူဘူးထင်ကြတယ်။ ကျွန်တော်တို့အယူအဆကျတော့ သိမ်ဆိုရင် သိမ်စည်းကမ်း၊ ကျောင်းဆိုရင် ကျောင်းစည်းကမ်းနဲ့ညီရင်လုံလောက်ပြီလို့ယူဆတယ်။ ဒီသိမ်နဲ့ ကျောင်းဆောင်မှာဆိုလို့ရှိရင် မြန်မာမှုအပြောက်အမွမ်းတွေထည့်မထားဘူးဆိုပေမယ့် မြန်မာဆန်အောင်၊ မြန်မာဖြစ်နေခြင်းပျောက်မသွားအောင်တော့ ကြိုးစားလုပ်ရပါတယ်။

 

အခု Project နဲ့ ပတ်သက်ပြီး အနှစ်ချုပ်စကားလေးပြောပေးပါဦး ဆရာ။
ကျွန်တော်တို့ကကုသိုလ်ဖြစ် Project တွေကိုအမြဲလုပ်ပေးလေ့ရှိတယ်။ သာသနိကအဆောက်အဦတွေမှမဟုတ်ဘူး၊ စာသင်ကျောင်းတွေ၊ Cyclone Shelter လို အများပြည်သူသုံးအဆောက်အဦမျိုးတွေကို ကုသိုလ်ဖြစ်လုပ်ပေးတယ်။ ကိုယ်တတ်တဲ့ပညာနဲ့ လူတွေကိုအကျိုးပြုရတယ်၊ အများအကျိုးဆောင်ရတယ်လို့ယူဆတယ်။ ဒီလိုလုပ်ခွင့်ရတာကိုလည်း ဝမ်းသာတယ်။

 

အခုလိုမေးမြန်းသမျှ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဆရာစတီဗင်ဇော်မိုးရွှေကို Live Life Media မှ ကျေးဇူးတင်ရှိပါတယ် . . . . .