Live Life Dezine

Architecture & Design Magazine in Myanmar

ချစ်စရာအရွယ် ဗိသုကာသင်ကြမယ်

နိုင်ငံတကာစစ်တမ်းတွေအရ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုဟာ အသက် (၃) နှစ်အရွယ်မှာ အသာဆုံးလို့ဆိုပါတယ်။ အသက် ၅ နှစ် မတိုင်ခင်မှာပဲ ကလေးတစ်ယောက်ရဲ့ ဦးနှောက်စွမ်းဆောင်နိုင်စွမ်းက (၉၀) ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ကလေးတစ်ယောက် ဦးနှောက်ဖွံ့ဖြိုးနိုင်မှု အကောင်းဆုံးကာလအပိုင်းအခြားက အသက်(၁)နှစ် ကနေ (၅) နှစ်အတွင်း အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။ စာရေးသူတို့လည်း ကလေးတွေကိုလေ့လာကြည့်ရင် အသက် (၁) နှစ်ကနေ (၅) နှစ်ကြား ကလေးအများစုဟာ အများအားဖြင့် အမေးအမြန်းထူလေ့ရှိပြီး အရာရာကို စူးစမ်းချင်စိတ်အမြဲရှိပါတယ်။ စာရေးသူတို့နိုင်ငံစနစ်အရ အသက် (၅) နှစ်ပြည့်တဲ့ကလေးတွေက အခြေခံပညာ မူလတန်းအဆင့်သို့တက်ရောက်ရပြီး အဆင့်ဆင့်အထက်တန်းသို့တက်ရောက်ကာ နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသောသင်ရိုးများကို သင်ကြားရပါတယ်။ ထိုသင်ရိုးတွေထဲ သိသင့်သိထိုက်တဲ့ဘာသာရပ် ပေါင်းစုံပါဝင်သော်လည်း ဗိသုကာပညာဘာသာရပ်နှင့်မူ ထိတွေ့မှု နည်းပါးလှတာကိုတွေ့ရပါတယ်။ စာရေးသူဆိုလိုတာက ဗိသုကာဘာသာရပ်သင်ရိုးအနေနဲ့ တစ်နှစ်ပတ်လုံးသင်ကြားစေချင်တာတော့မဟုတ်။ အခြေခံပညာကျောင်းတွေမှာ ဗိသုကာနဲ့ပတ်သက်တဲ့ အခြေခံသိသင့်သိထိုက်တာတွေကို ပရောဂျက်အငယ်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ကြားပေးခြင်းဖြင့် ကလေးငယ်လေးတွေက ဗိသုကာပညာ၊ ဗိသုကာလက်ရာများအပေါ်ခံစားနိုင်မှု ရှိလာနိုင်မယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။

စာရေးသူ နိုင်ငံခြားတီဗွီအစီအစဉ်တစ်ခုကြည့်ဖူးပါတယ်။ အဲဒီအစီအစဉ်မှာ နိုင်ငံအရပ်ရပ်က ဗိသုကာ လူငယ်တွေကိုဖိတ်ခေါ်ပြီး အိမ်တွင်းအခန်းအလှဆင်ဒီဇိုင်း ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပါတယ်။ အဆင့်ဆင့်ယှဉ်ပြိုင်ရွေးချယ်လေ့ရှိပြီး နောက်ဆုံးမှာ ဆန်ခါတင်အဆင့်အနေနဲ့ကျန်ရှိလာပါတယ်။ ထိုဆန်ခါတင်ထဲမှ အကောင်းဆုံးတစ်ယောက်ကိုရွေးချယ်ကာ ဆုအနေနဲ့ထိုက်ထိုက် တန်တန်ပေးအပ်ချီးမြှင့်ပါတယ်။ ပြိုင်ပွဲရဲ့အဆင့် (၁) ဆင့်မှာဆိုရင် စာရေးသူမှတ်မှတ်ရရ Client (အလုပ်ရှင်) တွေက (၇) နှစ်အရွယ်ကလေးတွေပါ။ ပထမဆုံးဒီဇိုင်းဖန်တီးမယ့်ဗိသုကာလူငယ်တွေက ကလေးတွေရဲ့မိမိတို့ အခန်းအပေါ်ဖြစ်စေချင်တဲ့ဆန္ဒကိုမေးမြန်းပါတယ်။ ကလေးတစ်ယောက်က “သားအခန်းက ပင့်ကူလူသားရဲ့ အခန်းလိုဖြစ်ချင်တယ်။” တချို့ကျတော့လည်း “ပင်လယ်ဓားပြရွက်လှေပုံစံကုတင်နဲ့ အခန်းလိုချင်ပါတယ်” လို့တောင်းဆိုကြပါတယ်။

ကလေးတွေရဲ့တောင်းဆိုမှုအပေါ်အခြေခံပြီး ဒီဇိုင်နာတွေက ဖန်တီးပေးရပါတယ်။ ထိုသို့ဖန်တီးပေးနေရင်း သတ်မှတ်ထားတဲ့အချိန်ပြည့်တဲ့ အခါမှာတော့ ကလေးတွေကိုပဲခေါ်ပြီး ဖန်တီးထားတဲ့ ဒီဇိုင်းအပေါ်အကဲဖြတ်ခိုင်းပါတယ်။ ကလေးတွေကလည်း ရိုးသားဖြူစင်စွာမှတ်ချက်ပေးကြပါတယ်။ “ဒီအခန်းမှာသာ သားနေရရင် သေချင်တာပဲ” ..”ဒီအခန်းကြီးက ပျင်းစရာကြီး” စသည်ဖြင့် မှတ်ချက်များကိုအခြေခံပြီး ဒိုင်တွေက နောက်တဆင့်တက်ခွင့်ရှိ၊ မရှိစဉ်း စားဆုံးဖြတ်ပါတယ်။ သူတို့နိုင်ငံက ကလေးတွေက အကျိုးသင့်အကြောင်းသင့် စောဒကတက်တာကို စာရေးသူတော့ ကျေနပ်အားရမိပါတယ်။ ကလေးတွေက ငယ်စဉ်ကတည်းက သိလိုစိတ်ပြင်းပြဖို့လိုအပ်သလို စောဒကတက်နိုင်စွမ်းလည်းကောင်းဖို့လိုပါတယ်။ စာရေးသူတွေးမိတာက ဒီကလေးတွေက ဗိသုကာနှင့်ပတ်သက်တဲ့ အခြေခံအချက်တွေကို အခြေခံပညာကျောင်းတွေမှာ အပျော်သဘောသင်ကြားခဲ့လို့သာ ဒီဇိုင်းလက်ရာတွေအပေါ် စောဒကတက်နိုင်စွမ်းရှိတယ်လို့ယူဆပါတယ်။ ယခုစာရေးသူတင်ပြမယ့်အကြောင်းအရာက နိုင်ငံရပ်ခြားက ကလေးသူငယ်တွေဟာ ဗိသုကာပညာရပ်အခြေခံကို မည်သို့လေ့လာသင်ယူနေသလဲဆိုတာဖြစ်ပါတယ်။ ဆောင်းပါးရှင် Ana Rodriguez ရဲ့ “Architecture for Children” ဆောင်းပါးကို အခြေခံတင်ပြထားခြင်းဖြစ်ပါတယ်။

၂၀၁၅ စာသင်နှစ်အတွင်း စပိန်နိုင်ငံ၊ ဂဲလ်လိစီးယားရှိ “Ceip Praza de Barcelos”အခြေခံပညာမူလတန်းကျောင်းမှာ (၄) နှစ်အရွယ်ကျောင်းသား/ကျောင်းသူတွေက ဗိသုကာပညာမိတ်ဆက်သင်ရိုးကို ကျောင်းချိန်အတွင်းသင်ယူဖို့ပြဋ္ဌာန်းခဲ့ပါတယ်။ ကိုယ်ပိုင်စိတ်ကူးတွေကို ကွန့်မြူးရတဲ့အစီအစဉ်တစ်ခုအဖြစ် ပရောဂျက်အမည်ကို ‘ကလေးများအတွက် ဗိသုကာ’ ဆိုပြီးသတ်မှတ်ခဲ့ပါတယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာ ကလေးသူငယ်တွေက ဖိအားဒဏ်အမျိုးမျိုးကိုခံစားနေရပါတယ်။ ပညာခေတ်ဖြစ်လာသည်နှင့်အညီ အချင်းချင်း ပြိုင်ဆိုင်မှုများပြားလာကာ ဘက်ပေါင်းစုံကဝင်လာသည့် ပညာရေး၊ လူမှုရေးဖိအားအမျိုးမျိုးဒဏ်ကို ကလေးတွေအနေနဲ့ခံစားရပါတယ်။ ထို့ကြောင့် ပရောဂျက်ဦးဆောင်သူများဖြစ်သည့် Ana Barreiro, Marta Guirado နှင့် Africa Martinez တို့က ထိုပရောဂျက်ဟာ ကလေးတွေရဲ့ဦးနှောက်ကို ခေတ္တခဏအနားပေးသလိုလည်းဖြစ်၊ ကိုယ်ပိုင်စိတ်ကူးဥာဏ်လည်း တိုးတက်စေနိုင်တယ်ဆိုတာကို ရှင်းပြပါတယ်။
ပရောဂျက်အောင်မြင်ဖို့က ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေသာမက မိဘများ၏အားပေးကူညီမှုကိုလည်းလိုအပ်ပါတယ်။ အတွေ့အကြုံအရ ကလေးတွေက ဗိသုကာအခြေခံကိုတတ်မြောက်ဖို့ မခက်ခဲပါဘူး။သူတို့ဟာ အခြားဘာသာရပ်တွေဖြစ်တဲ့ သဘာဝသိပ္ပံ၊ ဘူမိဗေဒ၊ သင်္ချာ၊ အနုပညာဘာသာရပ်နှင့် အင်္ဂလိပ်စာတွေကိုသင်ကြားခဲ့တဲ့အခြေခံတွေကြောင့်လည်း ဗိသုကာပညာကိုလေ့လာဖို့မခက်ခဲနိုင်ပါဘူး။ ပရောဂျက်ကာလကို (၁) နှစ်သတ်မှတ်ပေးပြီး “ဘာရီ” ဖောင်ဒေးရှင်းက ကူညီပေးပါတယ်။ “ဘာရီ” ဖောင်ဒေးရှင်းက ထိုသို့ပညာရေးပုံစံအသစ်လျှောက်လှမ်းမှုကို အထူးကြိုဆိုခဲ့ပြီး လိုအပ်သည်များကိုအပြည့်အဝ ထောက်ပံ့ပေးခဲ့ပါတယ်။

သင်ကြားရေးပုံစံစနစ်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် တက်တက်ြွကြွက၊ ဖိအားမရှိသင်ကြားနိုင်ရန် အားထုတ်ကြပြီး ကလေးတွေရဲ့ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေကို တိုးတက်လာအောင် နူးဆွသင်ကြားပေးခြင်းဖြစ်ပါတယ်။ သင်ကြားမည့် ယူနစ် (၇) ခုအတွင်းမှာပဲ ကလေးတွေက ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ သဘောတရားအခြေခံ၊ Space (ဟင်းလင်း) တွေအပေါ်သိရှိနိုင်မှုနှင့် သူတို့နေထိုင်တဲ့ဝန်းကျင်က မည်သို့သောဧရိယာတည်ရှိသလဲ စသည့်အခြေခံသဘောတရားတွေကို တီးမိခေါက်မိရှိလာပါတယ်။ ထိုသို့ရည်ရွယ်ချက်ထားရှိကာ သင်ကြားရေးနဲ့ ပရောဂျက်စတင်မှုလုပ်ငန်းတွေ စလုပ်ခဲ့ကြပါတယ်။

 

ယူနစ် (၁)။ ။ အရိပ်အာဝါသ၊ တိရစ္ဆာန်နှင့် လူတွေရဲ့အပြုအမူကိုလေ့လာခြင်း
ပထမဦးစွာ ကလေးတွေအနေနဲ့ အရိပ်အာဝါသတစ်ခုကို ဖန်တီးကြပါတယ်။ (စာရေးသူတို့ ငယ်စဉ်က ဖျာလိပ်ကြီးထဲကိုဝင်ပြီး အိမ်ပုံစံမျိုးအပေါ်က အမိုးအနေနဲ့ စောင်ကိုအုပ်ပြီးဆော့သလိုပါပဲ။) ထို့အပြင် ကလေးတွေက သံချောင်းလုံးလေးတွေကို အဖုငယ်လေးတွေနဲ့ ချိတ်ဆက်ပြီး ပုံသဏ္ဍာန်တစ်ခုဖန်တီးရပါတယ်။ ထိုသို့ ဖန်တီးခြင်းဖြင့် အဆောက်အဦတစ်ခု၏ဖွဲ့စည်းမှုပုံစံစနစ် (Structural System) တစ်ခု၏အခြေခံသဘောကို သိမြင်လာနိုင်မှာပါ။ ထို့အပြင် မိမိတို့ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်တွေရဲ့လှုပ်ရှားမှုပုံစံနှင့် လူတွေရဲ့အလေ့အထ အပြုအမူအခြေခံတွေကို သင်ကြားပေးပါတယ်။ သို့မှသာ လူနှင့်ဒီဇိုင်းဆက်စပ်မှုကိုနားလည်ဖို့ လွယ်ကူစေမှာပါ။

 

ယူနစ် (၂) ။ ။ အိမ်ပုံစံငယ်များ ဖန်တီးခြင်း၊ ပိုင်နက်နှင့် လူ့ပတ်ဝန်းကျင်၏ အခြေခံကိုလေ့လာခြင်း
ယူနစ် (၂) မှာတော့ ကလေးငယ်လေးတွေက အိမ်ပုံစံငယ်လေးတွေကို ဖန်တီးရပါတယ်။ ကလေးတစ်ယောက်စီတိုင်း မိမိစိတ်ကူးထဲမှာရှိတဲ့ စိတ်ကူးအိမ်လေးတစ်ခုကို စက္ကူကတ်ထူပြား၊ ရောင်စုံစာရွက်၊ ကော်၊ ဆော့(ပ်)ပင်နှင့် ကတ်ကြေးတွေကို အသုံးပြုကာဖန်တီးရပါတယ်။ ထိုသို့စိတ်ကူးရှိသမျှကို ဖန်တီးစေခိုင်းခြင်းဖြင့် အိမ်တစ်ခုမှာ လိုအပ်တဲ့အခြေခံအချက်များ၊ လိုက်ဖက်ညီတဲ့အရောင်ဖွဲ့စည်းနိုင်မှုနှင့် ကိုယ့်ပတ်ဝန်းကျင်အပေါ် စူးစမ်းလာမှုအမြင်တွေ မြင့်တက်လာနိုင်ပါတယ်။ ထို့အပြင် အချင်းချင်းဖန်တီးထားတာတွေကိုမြင်တွေ့ကြ ခြင်းဖြင့် တစ်ဦးပေါ်တစ်ဦး နားလည်မှုတိုးတက်လာပြီး စိတ်ကူးဥာဏ်တွေတိုးတက်လာနိုင်မှာဖြစ်ပါတယ်။

 

ယူနစ် (၃) ။ ။ လူ့ခန္ဓာကိုယ်အတိုင်းအတာနှင့် အချိုးအစားကိုလေ့လာခြင်
လူနေထိုင်ရန် သင့်တော်သည့်ဧရိယာတစ်ခုနဲ့ အခန်းငယ်တစ်ခု၏ပုံကို ဂရက်စာရွက်ပေါ်မှာရေးဆွဲရပါတယ်။ ထို့နောက် ကလေးတွေက သူတို့စိတ်ကူးနဲ့ရေးဆွဲထားတဲ့ အခန်းပုံကိုကြည့်ရှုပြီး ကာလာတိတ်တွေကိုအသုံးပြုကာ (၁း ၁) အချိုးအစားနှင့် ကြမ်းပြင်ပေါ်မှာကပ်ပြီး အခန်းဖွဲ့ပုံစံဖန်တီးကြပါတယ်။ ထို့ပြင် နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့အရာဝတ္ထု (ဥပမာ – စားပွဲခုံ၊ ထိုင်ခုံ) စသည်တို့ကို တိုင်းတာရပါတယ်။
ထို့နောက်ဆက်လက်ပြီး (၃၀¬¬×၃၀) စင်တီမီတာ အကွက်လေးထဲမှာ သူတို့ကိုယ်ပိုင်နေထိုင်တဲ့ အခန်းလေးကိုရေးဆွဲရပါတယ်။ အတိုင်းအတာကို အဓိကတိုင်းတာဖို့စေခိုင်းခဲ့သော်လည်း အဓိကလိုအပ်ချက်တွေဖြစ်တဲ့ (တံခါး၊ ပြတင်းပေါက်နှင့် ပရိဘောဂ) ပစ္စည်းတွေကိုလည်း မပါမဖြစ်ထည့်ရမယ်ဖြစ်ကြောင်းကိုလည်း ဆရာ/ ဆရာမတွေက မှာလိုက်ပါတယ်။

 

ယူနစ် (၄) ။ ။ အခြေခံဗိသုကာဝေါဟာရများကို လေ့လာခြင်း
အတိုင်းအတာများကိုလေ့လာရာမှာ ကလေးတွေကို ဂိမ်းတစ်ခုဆော့နေရသည့်အလား ငြီးငွေ့မှုမရှိစေရန် သင်ကြားပေးပါတယ်။ အချိုးအစားမတူဘဲ အရာဝတ္ထုများရဲ့အတိုင်းအတာကို လူရဲ့အချိုးအစားနဲ့နှိုင်းယှဉ်လေ့လာစေပြီး သင်ကြားပေးပါတယ်။ ‘ကလေးများအ တွက်ဗိသုကာ’ ဆိုသည့်အတိုင်း ကလေးတစ်ဦးစီတိုင်းဟာ တစ်နိုင်တပိုင်အနည်းဆုံး စာလုံးရေ (၆) လုံးကနေ အလုံး (၃၀) အထိတွေ့ကြုံသင်ကြားရသမျှများကို အက်ဆေးရေးရပါတယ်။ ရေးရမယ့်ခေါင်းစဉ်အကြောင်းအရာက ‘ကျွန်ုပ်တို့ကြိုက်နှစ်သက်ဆုံးအိမ်’ ဟူ၍ဖြစ်ပါတယ်။

 

ယူနစ် (၅) ။ ။ ဗိသုကာပညာရှင်တစ်ယောက်၏ လက်တွေ့ဘဝနှင့် အိမ်အခန်းဖွဲ့ပုံကိုလေ့လာခြင်း
ယူနစ် (၅) မှာတော့ ကလေးတွေက လက်တွေ့ကွင်းဆင်းလေ့လာရပါတယ်။ လက်တွေ့အခန်းတစ်ခန်းမှာ ပါသင့်ပါထိုက်တဲ့အခန်းဖွဲ့ပုံစံတွေကို လေ့လာရပါတယ်။ စာရွက်ထဲမှာစိတ်ကူးနဲ့ဆွဲတဲ့အရာတွေကို လက်တွေ့အနေနဲ့ မည်သို့အကောင်အထည်ဖော်ဖြစ်လာတယ်ဆိုတာကို အခြေခံသိရှိစေရန်ဖြစ်ပါတယ်။

 

ယူနစ် (၆) ။ ။ မိမိ၏ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းခြင်း
နောက်ဆုံးယူနစ်မရောက်ခင် ယူနစ် (၆) အနေနဲ့ ကလေးတွေက အုပ်စုလိုက်လေ့လာသင်ယူရပါတယ်။ကလေးတွေအားလုံးရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေကို မေးမြန်းပါတယ်။ ကလေးတွေကလည်း အချင်းချင်းဆွေးနွေး တိုင်ပင်ထားသမျှများကိုပြောပြပါတယ်။ စပိန်နိုင်ငံရှိ (၁း၁) အချိုးအစားနဲ့ဖန်တီးထားတဲ့ “Plaza de Barcelos” ပုံစံငယ်ကလေးကစားကွင်းကို ကလေးတွေသွားရောက်ကြည့်ရှုစေပြီး လက်တွေ့ဆော့ကစားတဲ့အခါမှာ အဆင်ပြေမှုရှိ၊ မရှိကို မေးမြန်းပြီးမှတ်ချက်ရယူပါတယ်။ မှတ်ချက်ရယူပြီးတဲ့အခါမှာတော့ ကလေးတွေကို ထိုပရောဂျက်နဲ့ ဆက်စပ်တဲ့လေ့ကျင့်ခန်းတွေကိုပေးပါတယ်။ အချိန်အားဖြင့် ၂ ပတ်အချိန်ပေးပါတယ်။ (၂) ပတ်ပြည့်တဲ့နေ့မှာတော့ သူတို့ကိုယ်ပိုင်စိတ်ကူးနဲ့ဖန်တီးထားတဲ့ ကစားကွင်းတစ်ခုကို ကလေးတစ်ဦးစီတိုင်းလုပ်ဆောင်ရပါတယ်။

 

ယူနစ် (၇) ။ ။ လုပ်ဆောင်မှုနောက်ဆုံးအဆင့်
တစ်ဦးချင်းစိတ်ကူးနဲ့ဖန်တီးထားတဲ့ကစားကွင်းတွေ ပြီးစီးသွားတဲ့အခါမှာတော့ ကလေးတွေအားလုံးရဲ့ စိတ်ကူးအယူအဆတွေကို ပူးပေါင်းလိုက်ပါတယ်။ စတုရန်းပုံစံတည်ရှိနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲနဲ့ ထိုအယူအဆကိုအခြေခံပြီး မိမိတို့လက်ရှိတက်နေတဲ့ကျောင်းကိုလည်း သုံးသပ်ရပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေအသီးသီးရဲ့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ပေါင်းစည်းထားတဲ့ ပရောဂျက်တစ်ခုပြီးစီးသွားပါတယ်။ ထို့နောက် ကလေးတွေက သူတို့ပရောဂျက်နဲ့ပတ်သက်ပြီး ဆရာ/ ဆရာမများ၊ မိဘများရှေ့မှာရှင်းပြပြီး စကားနိုင်လုပွဲပုံစံ အချင်းချင်းအကြိတ်အနယ်ဆွေးနွေးကာ သင်ကြားမှုအစီအစဉ်ပြီးဆုံးခဲ့ပါတယ်။
စာရေးသူတင်ပြသွားခဲ့တဲ့ ယူနစ်အဆင့် (၁) ဆင့်စီတိုင်းဟာ ကလေးတွေအတွက် ပြည့်စုံကောင်းမွန်တဲ့အချက်တွေပါပဲ။ သို့သော်လည်း ပညာရေးအပြောင်းအလဲ တစ်ခုသွားဖို့ဆိုတာ ‘နှမ်းတစ်ခုထဲနဲ့တော့ ဆီမဖြစ်’ နိုင်ပါဘူး။ နိုင်ငံတော်အစိုးရရဲ့ပံ့ပိုးကူညီအားပေးမှုနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုလည်းလိုအပ်ပါတယ်။ ထို့အပြင် မိမိ၏ကလေးကို အစစအရာရာ အားပေးတိုက်တွန်းမည့်မိဘများနှင့် ကလေးများအပေါ် စိတ်ရှည်သည်းခံနိုင်သည့် ဆရာ/ဆရာမများလည်း လိုအပ်ပါတယ်။ စာရေးသူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူတွေကိုအမြဲပြောပြသလို ‘ဗိသုကာပညာက ဗိသုကာကို သင်ယူနေတဲ့သူတွေနဲ့သာဆိုင်တာမဟုတ်။ လူတွေအားလုံးနဲ့သက်ဆိုင်တယ်’ ဆိုတာပါ။ မည်သူမဆို ဗိသုကာလက်ရာတစ်ခုကို ခံစားထိတွေ့နိုင်တယ်ဆိုတာကို အမြဲရှင်းပြပါတယ်။

ထို့ကြောင့် လူတိုင်းနဲ့သက်ဆိုင်တဲ့ ဗိသုကာပညာရပ်အခြေခံကို ငယ်ရွယ်စဉ်ကတည်းကသာ ထိတွေ့ခွင့်ရခဲ့ရင် ဗိသုကာလက်ရာတစ်ခုအပေါ် အပေါ်ယံခံစားမှုသက်သက်ထက် ပိုမိုခံစားနိုင်မည်ဖြစ်တယ်ဆိုတာကို မျှော်လင့်ရင်း ……။

ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)